28 C
Yangon

မြ၀တီမြို့နယ်တွင် ရထိုက် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီများ ဖျက်သိမ်းမည်ဆိုသော သတင်းများ မဟုတ်မှန်ဆိုသော ကြေညာချက်များ BGF က ဖြန့်ဝေနေ

Must read

မြ၀တီမြို့နယ်တွင် ရထိုက် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီများ ဖျက်သိမ်းမည်ဆိုသော သတင်းများ မဟုတ်မှန်ဆိုသော ကြေညာချက်များ BGF က ဖြန့်ဝေနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရထိုက် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီများ ဖျက်သိမ်းမည်ဆိုသော သတင်းများ မဟုတ်မှန်ဆိုသော ကြေညာချက်များကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) က ဖြန့်ဝေနေကြောင်း ရွှေက္ကိုလ်မြို့အတွင်းမှ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၁၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသော BGF ၏ အမိန့်စာတွင် ရထိုက်ကျားဖြန့်ကုမ္ပဏီကို ၂၀၂၄ ခုနှစ် ၊ ၁၀ ပိုင်းတွင် ဖျက်သိမ်းမည်ဆိုသော စာမှာ မှန်ကန်ခြင်းမရှိကြောင်း၊ အတုအယောင်သတင်းသာဖြစ်ကြောင်း၊ အဆိုပါ သတင်းအတုကြောင့် ကုမ္ပဏီဝန်ထမ်းများ အလုပ်ထွက်ကြခြင်းကြောင့် ကုမ္ပဏီအတွက် နစ်နာမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရထိုက်သူဌေးထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ကုမ္ပဏီဖျက်သိမ်းခြင်းမှာ အမှန်မဟုတ်ကြောင်း၊ ဝန်ထမ်းများအားလုံး စိတ်ချ လက်ချ ဆက်လက်အလုပ်လုပ်နိုင်ကြောင်း ရထိုက်ကုမ္ပဏီက ကြေညာထားသည်။

” ကြေညာချက်ကို ၉ လပိုင်း ၁၁ ရက်နေ့ နေ့စွဲ တပ်ပြီးတော့ ဖြန့်ဝေနေတာပါ။ BGF တွေကသာ ကျားဖြန့်လုပ်ငန်းကို တကယ်ဖျက်သိမ်းမလိုလိုနဲ့ ကြေညာပြီးတော့ အခုတော့ သူတို့ကိုယ်တိုင် အဲဒီစာတွေကို ဖြန့်ဝေနေတာပါ။ တကယ်တော့ ဘာမှလုပ်တာလည်းမဟုတ်ဘူး။ တရုတ်ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေက ဘာမှ မဖြစ်ဘူး။ BGF က ကုမ္ပဏီတွေ ၁၀ လပိုင်းမှာဖျက်သိမ်းမယ် ပြောခဲ့ပေမယ့် အခု ၁၁ လပိုင်း ရောက်နေပမယ့် ဘာမှ မဖြစ်တဲ့အပြင် လုပ် ငန်း တွေတောင် တိုးချဲ့နေပါတယ်” ဟု ရွှေက္ကိုလ်မြို့သစ်အတွင်းမှ သတင်းရင်းမြစ်က ပြောဆုသိည်။

ကရင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံသားများ ဦးဆောင်သော အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ အခြေစိုက် ရွှေက္ကိုလ်အပါအဝင် အွန်လိုင်းငွေလိမ်လည် ဇုန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ် ဆက်လက်တိုးချဲ့နေသည့်အပြင် တရုတ်နိုင်ငံသား အပါအဝင် နိုင်ငံခြားသားများ အဆက် မပြတ် ဝင်ရောက် နေဆဲဖြစ်ကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်အတွင်းတွင် BGF နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်ထားသော ဝမ်ခ၊ သဲပုံကျေးရွာ၊ မြ၀တီမြို့တောင်ဘက် မယ်ထော်ကလေး၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာများမှ ပြည်သူများကို ရွှေက္ကိုလ်အပါအဝင် အွန်လိုင်းငွေလိမ်လည်ဇုန်များရှိ အကြီး အ ကျယ် တိုးချဲ့နေသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလုပ်သမားများ အဖြစ် ခေါ်ယူ အလုပ်ပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသားများ အပါအဝင် အွန်လိုင်းငွေလိမ်လည်ဇုန်များသို့ လာရောက်နေကြသည့် နိုင်ငံခြားသားများမှာလည်း ဝင်လာမစဲ တဖွဲဖွဲ ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် မေလအတွင်း BGF က ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အဆိုပါ ကြေညာချက်မှာ အတုအယောင်သာဖြစ်ပြီးယခုအခါ တရုတ်နှင့်နိုင်ငံခြားသား အရေအတွက် ပိုမိုများပြားစွာပင် ဝင်ရောက်လာကြောင်း သိရှိရသည်။

ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဇုန်များတွင် လတ်တလော လူ ၃၀၀ မှ ၅၀၀ ဆန့် အဆောက်အအုံကြီးများ မြောက်မြားစွာ တိုးချဲ့တည်ဆောက်နေပြီး အဓိက လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများကို ထိုင်းဘက်မှ ပမာဏတန်ပေါင်းများစွာ တင်သွင်းနေကြောင်း ၊ ရွှေက္ကိုလ်ကဲ့သို့ ကျားဖြန့် ဇုန်များတွင် တရုတ်စာဖြင့် စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ တရုတ်ဆေးခန်း၊ ဆေးရုံ၊ ကုန်တိုက်နှင့်စတိုးများစွာ တိုးပွားလာကြောင်း၊ အနီးအနားပတ်ဝန်း ကျင်ကျေးရွာများမှ ပြည်သူများမှာလည်း အလုပ်အကိုင်များစွာ ရရှိသဖြင့် အစားအသောက်ပို့သည့် လုပ်ငန်းမှာလည်း အလွန်အလုပ်ဖြစ်နေကြောင်း သိရှိရသည်။

ထို့ပြင်နိုင်ငံခြားသားများကို ရွှေက္ကိုလ်၊ မယ်ထော်သလေး အပါအဝင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်ဇုန်များဆီသို့ ထိုင်းနယ်စပ်မှတစ်ဆင့် သွား ရောက် ကြိုဆိုပြီး ပို့ဆောင်ပေးသည့် လုပ်ငန်းမှာလည်း ကြီးထွားနေပြီး BGF ကအ ဓိက လုပ်ကိုင်ကြောင်း၊ နိုင်ငံခြားသား ၁ ဦးလျှင် ဘတ်ငွေ ၃ သောင်းဖြင့် ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။

အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုထားသည်။

မြ၀တီမြို့နယ်တွင် အွန်လိုင်းကျားဖြန့်များ အခြေစိုက်သည့် ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းများစွာကို BGF က ဦးဆောင်၍ တရုတ်စီးပွား ရေးသမားများ၊ပြည်ပ ဒုစရိုက်ဂိုဏ်းများနှင့်အတူ တွဲဖက်အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။

မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသော ကရင် BGF အဖွဲ့က ကရင်ပြည်နယ်ထဲမှ မြ၀တီမြို့ အပါအဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားကြောင်း၊ BGF ပါဝင်ပတ်သက်နေသော တရားမဝင် ကာစီနိုလောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုကွန်ရက်များကြောင့် ကမ္ဘာတဝှမ်းမှ လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ ၄င်းတို့သည် ရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံရခြင်း ရှိနေသည့်အပြင် အမြတ်ထုတ်ခံရသည့် အလုပ်သမားများနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းများအား လည်ပတ်နေကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း US Institute for International Peace (USIP)မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower က OCCRP သို့ မေလအတွင်း ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က ဧပြီလ ၂၂ ရက်နေ့တွင် အစီရင်ခံဖော်ပြခဲ့သည်။

KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့က တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ် အများစုသည် စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေပြီး ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားကောင်းသောBGF/KNA ကို KNU နှင့် စစ်တပ်ကပါ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိကြောင်း USIP က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article