30 C
Yangon

AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှု စစ်သား ၁၁ ဦးသေဆုံးဟုဆို၊ အမ်းမြို့တွင် အရပ်သား ပြည်သူ ၃၀၀၀ ကျော် တိုက်ပွဲအကြား ပိတ်မိနေ

Must read

ရန်ကုန်| နိုဝင်ဘာ ၁၂

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ်၏ လက်နက်သိုလှောင်ရုံကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည် ရှိရာ အမ်းမြို့ နပခရှိ လက်နက်သိုလှောင်ရုံကို AA က အာပီဂျီအပါအဝင် ရှော့တိုက်ဒုံး ၁၀လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“နပခကို ၁၀ လုံးထက်မနည်း ပစ်ပါတယ်။ အဲ့ဒီမှာ တစ်လုံးက လက်နက်သိုလှောင်ရုံကို ကျတယ်။ အဲ့ဒီတစ်ဆင့် ကျနော်တို့ ဗိုလ်မှူးနေတဲ့ နေအိမ် မီးလောင်သွားပါတယ်။ အစောင့်တပ်သားတွေ ၁၁ယောက် သေဆုံးပါတယ်။ တော်တော်များများ ဒဏ်ရာ ရကြပါတယ် “ဟုပြောသည်။

အမ်းမြို့ နပခ ဌာနချုပ်ရှိ လက်နက်သို လှောင်ရုံနှင့် ဗိုလ်မှူးနေသော နေအိမ်မီးလောင်သွားပြီး အခြားနေရာများကို မီးလောင် ကူးစက်သွားကြောင်း ယင်း စစ်ကောင်စီ စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ နပခ ရှိ လက်နက်သိုလှောင်းရုံကို ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်မှာ မှန်ကန်ကြောင်း AA ၏ စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။

“ကျနော်တို့ဖက်က မနေ့ညက ၄နာရီခွဲလောက် စပစ်တယ်။ အဲ့ဒီမှာ တိုင်း ဂိုဒေါင်ရုံရှိတယ်။ ပြီးတော့ ဆီဂိုဒေါင်ရုံရှိတယ်။ အဲ့ဒီမှာ ကျနော်တို့ လှမ်းပစ်တာမှာ လက်နက်ဂိုဒေါင်ကို ထိတယ်။ မနေ့က ညနေ ၄ နာရီမီးလောင်နေတာ ညဉ့် ၁ နာရီအထိ မီးက မငြှိမ်းနိုင်ဘူး။ ကျနော်တို့ဖက် ရှော့တိုက်ဒုံးနဲ့ ပစ်တာဗျ။ အလုံးအရေအတွက် တော်တော်များတယ်”ဟုပြောသည်။

နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက ရိက္ခာနှင့် အင်အားအချို့လာပို့သော စစ်ရဟတ်ယာဥ်တစ်စီးကို AA က ပစ်ချနိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း AAက အတည်ပြုထားသည်။

“မနေ့က ရဟတ်ယာဉ်လာတယ်။ နပခမှာတော့ ဘောလုံးကွင်းအပါအဝင် ရဟတ်ယာဉ်သုံးကွင်းရှိတယ်။ အဲ့ဒီနေရာကို ပစ်တာ။ ပထမဦးဆုံး လက်နက်ခဲယမ်း ပစ်ပို့ခဲ့တဲ့ လေယာဉ်ကို ပစ်တာ။ အဲ့ဒီမှာ မထိဘူး။ နောက်ထပ် ထပ်ပစ်တယ်။ အဲ့ဒီမှာ လေယာဉ်အတောင်ပံကို ထိတယ်။ ထိပြီးတော့ ပျက်ကျသွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က အမ်းမြို့ခံများအား ဓါးစားခံအဖြစ် ပိတ်လှောင်ထားကာ မြို့ခံများမှာ မြို့အတွင်းမှ ထွက်ပြေးဖို့ ခက်ခဲနေကြောင်း စုံစမ်း သိရှိ ရသည်။

လက်ရှိတွင် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် ဗျူဟာကုန်းအများစုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ခမရ ၃၇၁ တပ်ရင်း၊ တပ်ထိန်းတပ်ရင်းနှင့် တိုင်းဌာနချုပ်တို့သာ မသိမ်းရသေးဘဲ ကျန်ရှိနေကြောင်း သိရသည်။

ထို့ပြင် နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် အမ်းမြို့ထဲမှာ နောက်ဆုံးသတင်းအချက်အလက်အရ ပိတ်မိနေသော အရပ်သားပြည်သူ ၃,၀၀၀ ကျော်ရှိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့်လက စာအရင်းအရ အမ်းမြို့ထဲမှာ အရပ်သား ၁,၀၀၀ ကျော် ပိတ်မိနေကြောင်း ပြောဆိုခဲ့သော်လည်း ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးသတင်းအရ ပိတ်မိနေသူ ၃,၀၀၀ ကျော်ရှိကြောင်း အခိုင်အမာပြောဆိုကြသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အမ်းမြို့ထဲမှာ ပိတ်နေတဲ့ အရပ်သား ၃၀၀၀ ကျော်ရှိမယ်ထင်ပါတယ်။ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်း၊ လေယာဉ်ကွင်းမှာ ပိတ်မိနေတဲ့ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး ရပ်ကွက် ၁, ရပ်ကွက် ၂, ရပ်ကွက် ၃ နဲ့ အောက်ရွာဘက်တွေ မှာ ပိတ်နေကြပါတယ်။ အများစုက အမ်းမြို့အနီး ကျေးရွာတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိမ်လည် စည်းရုံးခေါ်ထားတဲ့သူတွေဖြစ်ပါတယ်။ မင်းတို့နေတဲ့ရွာတွေကို AA က ဖျက်ဆီးနေတာဆိုပြီး လိမ်လည်စည်းရုံးကာ အမ်းမြို့ထဲကို ဆွဲခေါ်သွားတာဖြစ်တယ်။ မဟုတ်က ဟုတ်ကတွေပြောပြီး ခေါ်သွားတာ။ အခုတော့ ပိတ်လှောင်ထားပြီး ဓါးစားခံအနေနဲ့ အသုံးချနေတယ်” ဟု ပြောသည်။

အမ်းမြို့အနီးက ကျောက်စားကွဲ၊ မီးကျောင်းချောင်း၊ လုံရွာ၊ စပ်စီ စသည့်ကျေးရွာများမှ အပြစ်အရပ်သားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့များက လိမ်လည်စည်းရုံးကာ အမ်းမြို့ထဲသို့ ခေါ်ယူထားခြင်းဖြစ်သည်။

လက်ရှိတွင် အမ်းမြို့ထဲ ပိတ်မိနေသူများကို အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များကို တိုက်ထုတ်ရင်း အရပ်သားပြည်သူများကိုလည်း ကယ်ထုတ်ပေးနေသည်ဟု ဒေသခံ ကိုမျိုးလွင်က ပြောသည်။

“တိုက်ပွဲတွေကတော့ နေရာအစုံမှာ ဖြစ်နေကြတော့ ပိတ်မနေသူတွေလည်း ပြေးစရာ၊ တိမ်းရှောင်စရာမရှိတော့ဘူး။ အခုတော့ AA က ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးနေတာရှိတယ်။ အမ်းမြို့ထဲ သိမ်းပိုက်ထားတဲ့ နေရာတွေက သူတွေကို ဦးစားပေး ကယ်ထုတ်ပေးနေတာ ရှိပါတယ်။ ဘယ်လောက် ကယ်ထုတ်ထားပြီးဆိုတာကိုတော့ မသိဘူး” ဟု ပြောသည်။

မြို့ခံအများစုက အမ်းတိုက်ပွဲစဖြစ်ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မြို့ခံအနည်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိမ်လည်ခေါ်ယူထားသည့် ကျေးလက်ဒေသက အရပ်သားတို့မှာ ပိတ်မိနေကြခြင်းဖြစ်သည်။

အမ်းမြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ရင်းများက လူသားဒိုင်းကာအဖြစ် အသုံးပြုထားကြောင်းနှင့် ၎င်းတို့အတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။

အောက်တိုဘာလ ၂၉ ရက် ညနေ ၆ နာရီကျော်အချိန်ကလည်း အမ်းမြို့ထဲကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် ၄ ရပ်ကွက်နှင့် မြို့မြောက်ဘက်တွင် ဗုံးပေါက်ကွဲခဲ့ပြီး အရပ်သား ၁၀ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အာရက္ခတပ်တော် AA သည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ရန် အရှိန်မြှင့်တိုက်ခိုက်နေချိန် တစ်ပြိုင်တည်း တောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – တိုက်ပွဲဝင်နေသော AA တပ်တော်မှ ရဲဘော် ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တိုက်ပွဲဝင်နေသော AA တပ်တော်မှ ရဲဘော် ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article