24 C
Yangon

တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက မြို့မှ တိမ်းရှောင်ရန်ကြိုးစားသည့် လူငယ် ၃ ဦးကို ဖမ်းဆီး

Must read

တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက မြို့မှ တိမ်းရှောင်ရန်ကြိုးစားသည့် လူငယ် ၃ ဦးကို ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် မြို့ထဲမှ ထွက်လာသည့် မိန်းကလေး ၂ ဦး နှင့် ယောကျ်ာလေး ၁ ဦး ကို စစ်တပ် လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ လူငယ် ၃ ဦးသည် တမူးမြို့ထဲမှ လွတ်ရာသို့ ထွက်လာစဉ် မြို့ရှောင်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြို့ရှောင်လမ်းမှာ ဖမ်းခေါ်သွားတာ။ သူတို့က မြို့ကနေ လွတ်ရာကို ထွက်လာတာပေါ့။ အဲ့ဒီမှာ အဖမ်းခံရတာ” ဟု တမူးဒေသပြည်သူ တစ်ဦးက ဆိုသည်။

တမူးမြို့တွင် ပန်းချီချမ်းမြေ့ဆိုသူဦးဆောင်သည့် ပျူစောထီးအဖွဲ့က စိုးမိုးနေပြီး ၎င်းတို့စိတ်ကြိုက် ပြုမှုနေထိုင်ကြကြောင်း၊ အလားတူ အောက်တိုဘာ ၂၀ရက်နေ့ ညပိုင်း တမူးမြို့မှ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီနှင့် ပျူစောထီးများက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း တမူးမြို့တွင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးကို ပျူစောထီးများက ပစ်သတ်ပြီး အလောင်းများ စွန့်ပစ်ထားခဲ့ကြောင်း၊ ပြည်သူများအပေါ် သတ် ဖြတ် ဖမ်းဆီးမှုများကို တမူးမြို့ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့လက်အောက်က ပျူစောထီးအဖွဲ့ဝင်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူသတ်ခဲ့တဲ့လူတွေ တစ်ရာမကရှိပြီ။ သူအရင်က သူနေတဲ့ မြို့မ ၁၂ ရပ်ကွက်လောက်ကနေ ခုတော့ တမြို့လုံးနီးပါး သူ့အုပ်စိုးနယ်လိုဖြစ်နေတော်တာ။ မကောင်းတဲ့၊ ရက်စက်တဲ့နေရာမှာ နာမည် ကြီးပဲ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

တမူးမြို့မှ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့သည် NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မဖွယ်မရာလုပ်ပြီး လိုင်းပေါ်မှာတင်ခဲ့သဖြင့် အသရေဖျက်မှုနှင့် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရဖူးသူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးခါစ တမူးမြို့သပိတ်မှောက်ပြည်သူများက ပန်းချီချမ်းမြေံကို စစ်တပ်သတင်းပေးသူအဖြစ် ဖမ်းဆီးခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ဖူးကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်နိုမ်နင်းမှုကြောင့် တမူးမြို့မှ သပိတ်အဖွဲ့များ စတင်ဆုတ်ခွာချိန်မှစ၍ ပန်းချီ ချမ်းမြေ့က ပျူစောထီးခေါင်းဆောင်ဖြစ်လာပြီး တမူးမြို့၊ မြို့မရပ်ကွက် ၁၂ ကို အပိုင်စားအုပ်စိုးခဲ့ကြောင်း၊ ပန်းချီချမ်းမြေ့၏ သားနှင့် တူမတို့ကို UG (အမည်မသိရ) အဖွဲ့တစ်ခုက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ပန်းချီချမ်းမြေ့က တမူးမြို့ ပြည်သူများအပေါ် ရက်ရက်စက်စက်ပြုမူ သတ်ဖြတ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article