25 C
Yangon

ကလေးမြို့တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲချသဖြင့် ကလေးငယ်နှင်ဖခင်တို့ ဒဏ်ရာရ

Must read

ကလေးမြို့တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲချသဖြင့် ကလေးငယ်နှင်ဖခင်တို့ ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ မြို့ကြီးကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၄၀ ဝန်းကျင် ဖခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဗုံးကွဲသံ လေးချက်။ လေးလုံးချတာ။ အဖေဖြစ်တဲ့သူက ခေါင်းကိုထိသွားတာ” လို့ ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ သားဖြစ်သူကလေးငယ်ကတော့ ပခုံးမှာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြို့ကြီးကုန်းကျေးရွာဟာ စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးနည်းပညာတက္ကသိုလ်ရဲ့ အနောက်တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာမှာ တည် ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ကလေးမြို့နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီက အနီးအနားဝန်းကျင်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာ လချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

“ဒီနေ့လည်း ထိုမာထဲကိုချတယ်။ လူတွေမနေတော့ လူတွေတော့မထိဘူး။ အမှတ် ၆၊ အမှတ် ၇ ရပ်ကွက်က အိမ်တွေတော့ ပျက်စီးနေပြီ” လို့ စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးမြို့နည်းပညာတက္ကသိုလ်နဲ့ မိုင်ဝက်ခန့်အကွာ ထိုမာကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီလိုပါပဲ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ကလေးမြို့တောင်ဘက်၊ ထိုမာကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့တယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ရွာကို ဆက်တိုက်နေ့တိုင်းနီးပါးလာချနေတာဖြစ်တယ် လို့ ထိုမာဒေသခံကပြောပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ဒရုန်းတွေနဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်းတန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးနည်းပညာတက္ကသိုလ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တစ်ခုက နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာကလေးမြို့နဲ့ ကလေးဝကြား လမ်းပေါ်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေပါတဲ့ ကားတစ်စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်၏ ဒရုန်းနှင့်ဗုံးများ။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article