မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Myingyan Twenty-one Guerilla Force – MTGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ မြင်းခြံမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ တိုပ်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ဆေးရုံကို ကား ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းခြံမြို့နယ် အတွင်း ဆက်လက် စစ် ကြောင်းထိုးနေပြီး တော်လှန်ရေး တပ်ဖွဲ့များက တောက်လျောက်လိုက်လံ တိုက်ခိုက်နေ၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်မှုများရှိကြောင်း သိရသည်။
“ပြည်သူ့ အိုးအိမ်တွေကို ဝင်ရောက် လုယက်နေတဲ့ မြင်းခြံက ပျူခွေးတွေနဲ့ စစ်ခွေးတွေကို ပြောချင်တာကတော့ ကျွန်တော်တို့က ဒီလောက်နဲ့ ရပ်သွားမှာမဟုတ်ပါဘူး။ တစ်ပွင့်ကြွေရင် တစ်ပင်လုံးဝေပြမှာပါ။ အဲ့ဘက်မှာ တိုက်ပွဲက နေ့စဥ်ဖြစ်နေပါတယ်။ မုံရွာ နမခ က တက်လာတဲ့ Mi-35 ကလည်း မြင်းခြံဘက်က တိုက်ပွဲတွေမှာ ပစ်ခတ်နေတာတွေရှိတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ရှိနေပါသေးတယ်” ဟု Myingyan Twenty-one Guerilla Force – MTGF အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ 21ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံခရိုင်တပ်ရင်း -၂၊ တပ်ခွဲ -၁ )နှင့် မဟာမိတ် ပူးပေါင်း အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း Myingyan Twenty-one Guerilla Force – MTGF အဖွဲ့မှ ရဲဘော် ဖော်ကာ (ခ) နေမျိုးဦး ကျဆုံးခဲ့ကြောင်း သိရသည်။