ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီးမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး မြို့ထဲတွင်ပါ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန်ပိုက်တီးမြို့ထဲရှိ ဟိုတယ်တွင် တပ်စွဲထားပြီး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။
“ကန်ပိုင်တီ မြို့ထဲမှာတိုက်ပွဲပြင်းထန်နေပြီ။ စစ်ခွေးတွေ ဟိုတယ်Hotel ထဲမှာနေရာယူထားတယ်။ ဒီမနက် ၉ နာရီခွဲမှာ စတိုက်တာ။ မြို့ထဲအထိ တိုက်ပွဲဖြစ်နေပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ Non CDM ဝန်ထမ်းများ၊ ပြည်သူ့စစ်မိသားစုဝင်များက တရုတ်ပြည်ထဲသို့ ပြေးဝင်နိုင်ရန် တရုတ်ဘက်က နယ်စပ်ဂိတ်ဖွင့်ထားပေးကြောင်း၊ KIA တပ်များက တဖြည်းဖြည်း မြို့ထဲသို့ တိုးဝင်လာနေကြောင်း သိရှိရသည်။
ကန်ပိုက်တီးသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကချင်အထူးဒေသ ၁ တစ်ခုလုံးရှိ တပ်စခန်းများ နယ်ခြားစောင့်စခန်းများနှင့် မြို့များကို ထိန်းချုပ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။
ဓာတ်ပုံ – ယနေ့ ကန်ပိုက်တီးမြို့ထဲတွင် ပစ်ခတ်မှုများဖြစ်ပွားနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar