ရန်ကုန်၊ နိုဝင်ဘာ ၂၁
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်တွင် လူငယ် ၇၀ ဦးဝန်းကျင်ကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသော လူငယ် အရေအတွက် ၇၀ ဦးခန့်ရှိကြောင်း၊ စစ်မှုထမ်းသင်တန်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြစ်ပြီး အသက် ၁၈ နှစ် မပြည့်သေးသော လူငယ်တချို့မှာမူ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း၊ ယမန်နေ့နှင့် ယနေ့တွင် ကျောက်ဆည်မြို့ပေါ်တွင် လူအသွားအလာ အထူးသဖြင့် လူငယ်များ အသွားအလာ ရှင်းလင်းနေကြောင်း သိရှိရသည်။
“မြို့ပေါ်မှာ မနေ့ မနက်ပိုင်း ကျားရော၊ မရော အကုန် စစ်တပ်က ပေါ်တာဆွဲ ဖမ်းတာ။ ပါသွားတာ လူငယ် ၇၀ လောက်ရှိမယ်။ အသက် ၁၄ နှစ်အရွယ် ကလေးကတော့ အသက်မှန်ကန်ကြောင်း သက်သေပြနိုင်လို့ ပြန်လွတ်လာတယ်။ ဒီနေ့ရော မနေ့ကပါ မြို့ပေါ်မှာ လူငယ်တွေ အကုန် ရှင်းလင်းနေတယ်” ဟု ကျောက်ဆည်မြို့ခံ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး ဝင်းစိုးက စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေးများ အတင်းအကျပ် ကောက်ခံလျက်ရှိကြောင်း၊ အုပ်ချုပ်ရေးမှူး ဝင်းစိုးသည် စစ်တပ်က ပေးအပ်ထားသော လက်နက်ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ ထို့အတူ ဆဒွင်းကုန်းကျေးရွာ ဥက္ကဋ္ဌ မှာလည်း စစ်တပ်က ပေးထားသော MA 1 သေနတ်ကိုင်ဆောင်၍ ပြည်သူများထံမှ ငွေကြေးများ အတင်းအကျပ် လိုက်လံကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
“ရွှေညောင်ပင်ကျေးရွာ ဥက္ကဌ ၀င်းစိုး၊ ရာအိမ်မှုးအငယ်လေး၊ စိုးသန်း (စစ်မှုထမ်းဟောင်း) နဲ့ ဆဒွင်းကုန်းဥက္ကဌတို့က ငွေကြေးတွေ လိုက်တောင်းနေတာ။ သူတို့ဆီမှာ လက်နက်တွေနဲ့။ စစ်မှုထမ်းအကြောင်းပြ အတင်းအကျပ်ကောက်ခံပြီး ငွေကောက်နေတာ။ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ငွေလိုက်တောင်းတာ ၂ ကြိမ် ရှိနေပြီ။ သေနတ်တွေပြပြီး လိုက်ငွေတောင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့အတူ မကွေးတိုင်း၊မကွေးမြို့ ၊ နတ်မောက်လမ်းပေါ်တွင် စစ်တပ်က မြို့အဝင်ဂိတ်နှင့် ဝက်သိုးကျေးရွာဂိတ်ဟူ၍ စစ်ဆေးဂိတ် ၂ ခု ချထားကြောင်း၊ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လူငယ်များနှင့် ပြည်သူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေကြောင်း၊ အထူးသဖြင့် လူငယ်များကို ဖမ်းဆီးပြီး မိဘဆွေမျိုးများကို ငွေကြေးဖြင့် လာရောက် ရွေးယူရန် ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“မကွေးနတ်မောက်လမ်းပေါ်မှာ စစ်ဆေးရေးဂိတ် နှစ်ခု ရှိတာမှာ တစ်ခုက မြို့ဝင်ဂိတ်၊ နောက်တစ်ခုက မြို့ဝင်မုခ်ခဦးရဲ့ အနောက် ဘက် ဝက်သိုက်ရွာနားမှာ။ အဓိက စစ်ဆေးတာက လေတပ်က စစ်သားတွေနဲ့ ရဲတွေက စစ်ဆေးတာ။ စစ်ဆေးတာ ဆိုတာထက် ပိုက်ဆံညှစ်တောင်းတယ်။ လူငယ်တွေနဲ့ ဆိုင်ကယ်သမားတွေ အများဆုံးခံနေရတာ။ အနည်းဆုံး ၂၀၀၀ ကနေစပြီး ငွေကျပ် သိန်းချီတောင်းနေတာ” ဟု မကွေးမှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။
နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူမပြည့်သဖြင့် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ တွင်တွင်ကျယ်ကျယ် လုပ်နေသည့်အပြင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက်ပါ လူစုဆောင်းမှုများကို အတင်းအကျပ် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar