ရန်ကုန်| နိုဝင်ဘာ ၂၁
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း၊ သင်္ချီကိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေထိုင်သည့် ကျေးရွာအပေါ်သို့ ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“သင်္ချီကိုင်းရွာ ဗုံးကျဲခံရလို့ အရပ်သား ၄ ဦးသေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ နေအိမ်တွေလည်း မီးလောင်ဆုံးရှုံးသွားတာရှိပါတယ်။ သင်္ချီကိုင်းရွာက အရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တဲ့ ဒုံရွာနဲ့နီးပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ဗုံးကျဲမှုကြောင့် သင်္ချီကိုင်းရွာမှ ကိုရင်ဂို၊ မရွှေရည်ဝင်း၊ မဒေစီမြင့်နှင့် မသန်းသန်းအေး တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ၎င်းတို့မှာ အသက် ၂၀ ကျော်အရွယ် မနီလာထွေး၊ အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုဦး၊ အသက် ၇၀ အရွယ် ဦးတင်အေးနှင့် အသက် ၈၀ အရွယ် ဦးဘချစ်တို့ ဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့ခံ အသက် ၄၀ အရွယ် ကိုအောင်မြင့်အေး (LGBT) မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရကြောင်း၊ ယင်းအပြင် နှလုံးလှပရဟိတသမားအဖြစ် ဆုချီးမြှင့်ခံထားရသူ တောင်ကုတ်မြို့ခံ ပရဟိတသမားကြီး အသက် ၆၄ နှစ်အရွယ် ဦးစိုးမြင့်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်းကို ခံရ၍ နိုဝင်ဘာလ ၁၅ ရက်နေ့က သေဆုံးခဲ့ရကြောင်း၊ တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာကိုလည်း နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။
တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျှက်ရှိနေပြီး မြို့ထဲပိတ်မိနေသူ အရပ်သား အများအပြားလည်း ကျန်ရှိနေသေးကြောင်း ၊ လက်ရှိ အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ တောင်ကုတ်တပ်မ စကခ ၅ ကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခြားထောက်ပို့တပ်၊ ခမရ ၅၄၄ တပ်ရင်းနဲ့ ခမရ ၃၄၆ တပ်ရင်းတို့ကိုလည်း ကြားညှပ်တိုက်ခိုက်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲသဖြင့် သေဆုံးခဲ့ရသည့် တောင်ကုတ်မြို့နယ် သင်္ချီကိုင်းရွာမှ အရပ်သားပြည်သူများ။
Photo-AMP ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar