အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးမှ စစ်ကောင်စီဝန်ကြီး မြထွန်းဦးကို ဖယ်ရှားရန် တောင်းဆို
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ် စား လှယ် ဝန်ကြီး မြထွန်းဦးကို ဖယ်ထုတ်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း Defend Myanmar Democracy အဖွဲ့က ပြောသည်။
၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ အာဆီယံသည် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စုကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ပေးထားသည်ကို ဖယ်ရှားရန် တောင်းဆိုထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များတွင် မြန်မာနိုင်ငံအာဏာသိမ်းမှု ကာလအတွင်း အကြမ်းတန်းစစ်ခေါင်းဆောင်များဖြစ်သည့် မြထွန်းဦးနှင့် တင်အောင်စန်းတို့ ပါဝင်နေကြောင်း၊ ၎င်းတို့အပါအဝင် အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးများတွင် ဖယ်ရှားရန် တောင်းဆိုထားသည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိ ပို့ဆောင်ရေးဝန်ကြီးများထံသို့ ပေးပို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် တရားမဝင်ရာဇဝတ်အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ အာဏာသိမ်းကြိမ်းပမ်းမှုကို လုပ်ထားသည့် အဖွဲ့ဖြစ်ကြောင်း၊ စစ်အုပ်စုသည် မည်သည့်အဓိပ္ပာယ်ဖွင့်ဆိုချင်ဖြင့်မဆို အစိုးရ မဟုတ်သည့်အတွက် အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်သူများသည် အာဆီယံအစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင် မြန်မာပြည်သူများကို ကိုယ်စားပြုရန် တရားဝင်မှု မရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးအပြင် နောင် အာဆီယံအစည်းအဝေးများနှင့် လှုပ်ရှားမှုအားလုံးတွင် အကြမ်း ဖက် မြန်မာစစ်အုပ်စုကို ဖယ်ထုတ်ရန် Defend Myanmar Democracy အဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။
အာဆီယံအနေဖြင့် အစည်းအဝေးများတွင် အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များကို မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခွင့်ပြုခြင်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသူတို့ကို နိုင်ငံရေးတရားဝင်မှု မှားယွင်းစွာ ပေးအပ်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်နည်းလမ်းနှင့် တိုင်းပြည်ကို အပြည့်အဝထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုကို အကူအညီဖြစ်စေနိုင်သလို ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်ပျက်ပြားစေကြောင်း ၊ အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေမှုသည် မြန်မာနိုင်ငံတွင်း တင်းမာမှုများကို ဆိုးရွားစေရုံသာမက သံတမန်ရေးနှင့် ကြားဝင်စေ့စပ်ရေးများအတွက် အာဆီယံ၏ ယုံကြည်ထိုက်မှုကိုပါ ဆိုးရွားစွာ ထိခိုက်စေကြောင်း ထောက်ပြထားသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ် မြထွန်းဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် ဖယ်ရှားခဲ့ပြီး အလှည့်ကျဥက္ကဌအဖြစ် မြန်မာကို မပေးရန်၊ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေးပွဲများမှ စစ်အုပ်စုအား ဖယ်ရှားရန် ဆုံးဖြတ်ခဲ့မှုနှင့် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်၊ တောင်ကိုးရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်ပြည်ထောင်စုတို့အပါအဝင် ဆွေးနွေးဘက်နိုင်ငံများသည် မြန်မာစစ်အုပ်စုပါဝင်သည့် အစည်းအဝေးများကို သပိတ်မှောက်ခဲ့သည့် လုပ်ရန်များကို ကြိုဆိုသော်လည်း အကြမ်းဖက်စစ်တပ်ကို တရားဝင်အစိုးရဖြစ်ကြောင်း အဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်လည်း တိုက်တွန်းထားသည်။
ထို့ပြင် နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ်လည်းကောင်း ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ် ယူနစ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကို အဓိက stakeholder များအဖြစ် လည်းကောင်း အသိအမှတ်ပြုရန်လည်း တောင်းဆိုထားသည်။