ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ မထောအခြေစိုက် တပ်စခန်းကြီးကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ မထောအခြေစိုက် တပ်စခန်းကြီးကို သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၈ မိနစ်အချိန် ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင် စီ၏ မထော အခြေစိုက် တပ်စခန်းကို KNLA တပ် မဟာ ၅ ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ မထောအခြေစိုက် တပ်စခန်းတွင် စကခ ၈ လက် အောက် ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များ စုပေါင်းထားကြောင်း ၊ စခန်းတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိသွားကာ လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု အရေအတွက်ကို ဆက်လက် သတင်းထုတ်ပြန်မည်ဟု KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။
အဆိုပါ မထောအခြေစိုက် တပ်စခန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ ရက်အကြာတွင် သိမ်းပိုက်ရရှိကြောင်း၊ ယင်းစခန်းသည် ကူးဆိပ်စခန်းနှင့် ၂ မိုင်သာ ကွာဝေးပြီး ဖာပွန်-ကမမောင်းလမ်းပေါ်မှ အရေးပါသည့် တပ်စခန်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောဆိုသည်။
“ဖာပွန်-ကမမောင်းလမ်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်း ၃ ခုရှိတယ်။ အဲဒီမှာ အဲဒီစခန်းတွေက ခရီးသွားလာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ စခန်းဖြစ်တဲ့အပြင် ဗျူဟာကျတဲ့ စခန်းတွေလည်းဖြစ်တယ်။ လမ်းပန်းဆက်သွယ် ရေး ကို ထိန်းချုပ်ထားတဲ့စခန်းပါ။ အင်အားကလည်း တပ်တွေ စုပေါင်းထားတော့ အင်အားလည်း များတဲ့စခန်းတွေဖြစ်ပါတယ်။ ၁၀ မိုင်ပတ်လည်မှာလည်း တပ်စခန်းကြီးတွေ ရှိနေသေးတယ်။ အဓိကကတော့ ဖာပွန်ဗျူဟာကတော့ အဓိက တိုက်ခိုက်ရမယ့် ဗျူဟာစခန်းကြီးဖြစ်ပါတယ်” ဟု KNU သတင်းရင်း မြစ်က ပြောဆိုသည်။
KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်းများကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်နေပြီး မကြာသေးခင်ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ခေါပုတ်စခန်း၊ ကူးဆိပ်စခန်း အပါအဝင် တပ်စခန်းများကို KNLA က တောက်လျှောက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။