24 C
Yangon

ပခုက္ကူတွင် အိန္ဒိယအကူအညီဖြင့် တည်ဆောက်ထားသော အမှတ် ၄ စက်မှုသင်တန်း ကျောင်းတွင် စစ်တပ်က တပ်စွဲပြီးနောက် ကျောင်းအတွင်းမှ ပစ္စည်းများကို ခိုးယူထုတ်ရောင်း

Must read

ပခုက္ကူတွင် အိန္ဒိယအကူအညီဖြင့် တည်ဆောက်ထားသော အမှတ် ၄ စက်မှုသင်တန်း ကျောင်းတွင် စစ်တပ်က တပ်စွဲပြီးနောက် ကျောင်းအတွင်းမှ ပစ္စည်းများကို ခိုးယူထုတ်ရောင်း

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အိန္ဒိယ အကူအညီဖြင့် တည်ဆောက်ထားသော အမှတ် ၄ စက်မှုသင်တန်းကျောင်းတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ကျောင်းအတွင်းမှ ပစ္စည်းများကို ခိုးယူထုတ်ရောင်းချမှုများ လုပ်ဆောင်နေကြောင်း အဆိုပါကျောင်းမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလအတွင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ စစ်ကြောင်းက အမှတ် ၄ စက်မှုသင်တန်းကျောင်းတွင် လာရောက်နေထိုင်ခဲ့ပြီး ကျောင်းအတွင်းမှ စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများအားလုံးကို ခိုးယူ ဖြုတ်ချ သယ်ဆောင် ရောင်းစားသွားကြောင်း၊ ယင်းနောက် ယခုအခါ အဆိုပါ စက်မှု သင်တန်းကျောင်းကို ပျူစောထီးနှင့် စစ်တပ်ထောက်ခံသော အဖွဲ့များက အဓိက လုံခြုံရေး တာဝန်ယူပြီး နေ့စဉ် ကျောင်းအတွင်းမှ ခုံနှင့်ပရိဘောဂများပါ မကျန် ခိုးယူ ရောင်းစားနေကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ပခုက္ကူ တပ်မ ၁၀၁ က စစ်ကြောင်းက ကျောင်းမှာ လာနေပြီးတော့ အဖိုးတန်ပစ္စည်းတွေ၊ စက်ပစ္စည်းတွေ အကုန်ဖြုတ်ပြီး ခိုးယူသယ်ရောင်းသွားတယ်။ အဲဒါပြီးတော့ ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ အောက်ခြေ က လူတွေက ကျောင်းကို လုံခြုံရေးယူသလိုလိုနဲ့ ပစ္စည်းအတိုအစ၊ ပရိဘောနဲ့ ရှိသမျှ ဟာတွေ အကုန်ဖြုတ်ပြီး ရောင်းစားနေတယ်။ အခုထက်ထိ ရောင်းစားနေတုန်းပဲ” ဟု ကျောင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အမှတ် ၄ စက်မှုသင်တန်းကျောင်းကို နယ်မြေလုံခြုံရေး စိတ်မချရသဖြင့် ကျောင်း ဆက်လက် ဖွင့်နိုင်ခြင်းမရှိတော့ဘဲ ပိတ်ပင်ထားခဲ့ရာမှ ကျောင်းပြန်မဖွင့်နိုင်တော့ဘဲ ယခုနောက်ဆုံး စစ်တပ်နှင့်ပျူစောထီးများက ပစ္စည်းများ လုယက် ခိုးယူ ရောင်းချနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျောင်းက ပစ္စည်းတွေ ခိုးယူရောင်းချနေတဲ့ အုပ်စုတွေက စစ်တပ်ကထုတ်ပြန်ထားတဲ့ ဆိုင်ကယ်နှစ်ယောက်မစီးရ တို့၊ ည ၇ နာရီနောက် ညမထွက်ရ အမိန့်တို့ကို ဂရုစိုက်စရာမလိုဘူး။ ဆိုင်ကယ်တစ်စီးတည်းကို လူ ၃ ဦး စီးပြီးတော့ ညသန်းခေါင်အချိန်အထိ ပစ္စည်းတွေ သယ်ယူရောင်းချနေတာ။ ပခုက္ကူမြို့ပေါ်က အဟောင်းပစ္စည်းဆိုင်အများစုက အဲဒီကပစ္စည်းတွေမှန်းသိလို့ မဝယ်ရဲပေမယ့် စစ်အုပ်စုနဲ့ပေါင်းထားတဲ့ ဆိုင်တစ်ဆိုင်ကနေ အကုန်ဒိုင်ခံ ဝယ်ပေးနေတာ” ဟု ပခုက္ကူမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပခုက္ကူ ကိုးပင်ရွာအနီးရှိ အမှတ် ၄ စက်မှုသင်တန်းကျောင်းသည် စက်မှုဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး ၂၀၂၁၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံအစိုးရက ထောက်ပံ့သော အိန္ဒိယ ရူပီးငွေ ၁၄၇၄ သန်းဖြင့် HMT International ကုမ္ပဏီက ဖြည့်ဆည်း ပံ့ပိုးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article