33 C
Yangon

မုံရွာမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့မှ ပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေ

Must read

မုံရွာမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့မှ ပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တို့တွင် ပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နို၀င်ဘာလ ၁၉ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီး ဘန်စီကျေးရွာမှ အမျိုးသား ၂ ဦး၊မုံရွေးကြေးရွာမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း၊ရွှေမြင်တင်တောင် ရှိ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက် အဆို ပါ PDF စခန်း အနီးအနားဝန်းကျင်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းရာမှ ပြည်သူ ၄ ဦးကို PDF ဟု စွပ်စွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေမြင်တင်တောင်နားမှာရှိတဲ့ PDF စခန်းမှာ လက်လုပ် သေနတ်တွေရတယ်။ တော်လှန်ရေးရဲဘော်တွေကို ဖမ်းမိတာမရှိဘူး။ အဲဒါကို သူက နီးစပ်ရာ ရွာတွေကို စစ်ကြောင်းထိုးပြီးတော့ ပြည်သူ ၄ ဦးကို PDF ဆိုပြီး ဖမ်းတာ။ ဖမ်းသွားတာကတော့ ပြည်သူ ၂၀ ကျော်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်၏ ဖမ်းဆီးမှု ခံရသူများမှာ ဘန်စီကျေးရွာမှ ကိုငြိမ်းနှင့် ကိုဝေလင်းသူ၊ မုံရွေးကျေးရွာမှ ကို၀င်းဇော်နှင့် မချောစု တို့ ဖြစ်ပြီး လက်ရှိ စစ်တပ်က စစ်ကြောင်းထိုးရာ တစ်လျှောက် ခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်နေကြောင်း၊ စစ်တပ်က သတ်ဖြတ်မည့် အခြေအနေ ရှိနေကြောင်း သိရှိရသည်။

“သူတို့ သတင်းထုတ်ပြန်တာက PDF ဆိုပြီး သတင်းထုတ်ပြန်တော့ သတ်ဖြတ်ပစ်မယ့် အန္တရာယ်ရှိနေတယ်။ အဲဒီလိုလည်း သတ်ဖြတ်ပစ်ခဲ့တာတွေရှိတယ်။ စစ်ကိုင်းနဲ့ မန္တလေးက PDF တွေ မိပြီဆိုရင် သတ်ပစ်လိုက်တာများတော့ စိုးရိမ်စရာကောင်းပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် မုံရွာမြို့နယ် ဘန်စီ၊ နိဗ္ဗာန်၀၊ ခေတ္တကန် အပါအဝင် ကျေးရွာပေါင်း ၇ ခုမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင်လည်း စစ်တပ်က အရပ်သား ပြည်သူ ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် ဝါရစ်ရွာလှေဆိပ်တွင် တပ်စွဲထားတဲ့ စစ်တပ်ကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း ၂ က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလ ၁၈ ရက်နေ့ စစ်တပ်က ဝါရစ်ရွာမှ လင်မယား ၂ ဦး၊ ဆန်းသစ်ရွာမှ လင်မယား ၂ ဦး၊ အိမ်ထောင်ရှင်အမျိုးသမီး ၁ ဦး စုစုပေါင်းငါးဦး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဖမ်းဆီးခံရသူတွေက အရပ်သားတွေပါ။ သူတို့ဟာသူတို့ သွားလာ လှုပ်ရှားစားသောက်နေရင်းနဲ့ အပြစ်မရှိ အပြစ်ရှာ အဖမ်းခံရတာပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- မုံရွာတွင် ဖမ်းဆီးခံထားရသည့် အရပ်သား ပြည်သူ ၄ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article