32 C
Yangon

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Must read

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ငဖဲမြို့နယ် ဘုံးဘောကျေးရွာအတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်လာခြင်းဖြစ်ပြီး ရွာလုံးကျွတ် နေအိမ်များကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးသွားကြောင်း၊ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးမှုတွင် နေအိမ်များ မီးလောင်ပြာကျမှု များပြားပြီး အရေအတွက် အတိအကျ မသိရကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့ ကလည်း ပထမအကြိမ် ဘုံးဘောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈ လုံး ပျက်စီးကြောင်း သိရှိရသည်။

“နိုဝင်ဘာလ ၂၃ ရက်နေ့က အင်အားရာနဲ့ချီ၀င်ရောက်ဖျက်ဆီး မီးရှို့ကြတယ်။ အခုထိတော့ သိရတာက နေအိမ် ၄၀ လောက်အနည်းဆုံး မီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေ ရွာထဲမှာ ရှိနေသေးလို့ အသေချာသွားကြည့်လို့မရသေးဘူး။ လက်နက်ကြီးနဲ့တစ်ချိန်လုံးပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး ဘုံးဘောလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဆိုပါ စီးနင်းမှုအပြီးတွင် စစ်တပ် စစ်ကြောင်းက ဘုံးဘောကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ပထမအကြိမ် မီးရှို့ခြင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်မှာ စစ်ကားတွေ စစ်ကြောင်းတွေ မကြာခဏ အတိုက်ခံနေရတော့ ငဖဲမြို့နယ်ထဲကို စစ်တပ်က ပိုပြီး စစ်ကြောင်းထိုးလာတာ။ အဓိက အဲဒီလမ်းကြောင်းကို သုံးပြီး ရခိုင်၊ အမ်းဘက်ကို စစ်ကူပို့နေတာဖြစ်တယ်။ အဲဒါကြောင့် ရွာတွေကို စစ်တပ်က ပိုပြီး စီးနင်းလာတာ” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာ အပါအဝင် ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး စစ်တပ် စစ် ကြောင်း အင်အား ၁၀၀ ဝန်းကျင်က လှည့်လည် စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို စစ်တပ်က ယမန်နေ့ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article