33 C
Yangon

KIA က ကန်ပိုက်တီမြို့ကို သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ စစ်ရှုံးသမား စစ်သည် ၃၂၀ ကို တရုတ်နိုင်ငံက မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာစစ်တပ်ထံ ပြန်လည် လွှဲပြောင်း

Must read

KIA က ကန်ပိုက်တီမြို့ကို သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ စစ်ရှုံးသမား စစ်သည် ၃၂၀ ကို တရုတ်နိုင်ငံက မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာစစ်တပ်ထံ ပြန်လည် လွှဲပြောင်း

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ စစ်ရှုံးသမား စစ်သည် ၃၂၀ ကို တရုတ်နိုင်ငံက မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်း လိုက်ကြောင်း KIA သတင်းရင်းမြစ်နှင့် တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် တရုတ်စစ်တပ်က အထူးယာဉ်တန်းဖြင့် ကန်ပိုက်တီမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၀ ဦးကို မြန်မာစစ်တပ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၀ ဦးသည် နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်စဉ် တရုတ်နိုင်ငံက နယ်စပ်ဂိတ်ပေါက်ဖွင့်၍ လက်ခံခဲ့သော စစ်ရှုံးသမားများဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့သိတာကတော့ စုစုပေါင်း စစ်အင်အား ၃၂၀ ပါ။ ကန်ပိုက်တီကို သိမ်းတုန်းကလည်း အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တရုတ်က နယ်စပ်ဂိတ်ဖွင့်ပေးပြီး လက်ခံတယ်။ အခုလည်း အထူးယာဉ်တန်းနဲ့ တရုတ်ကနေ မြန်မာစစ်တပ်ဆီကို မူဆယ်ကနေတစ်ဆင့် ပြန်လည် လွှဲပြောင်းပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းမြစ်ကလည်း ယမန်နေ့ညပိုင်း ကြယ်ဂေါင်မှတစ်ဆင့် တရုတ်စစ်တပ်၏ အထူးယာဉ်တန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူပြီး မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းမှု အတည်ပြုနိုင်ကြောင်း ပြောဆိုသည်။

“တရုတ်စစ်တပ်က ရွှေလီမြို့ကို ဖြတ်ပြီး ကျယ်ဂေါင် မန်ဝိန်းနယ်စပ်ဂိတ်ကို ပို့တာပါ။ Express ကား ၁၃ စီး ခန့် ပါဝင်ပြီး ရှေ့ဆုံးက စစ်ကား နောက်မှာက လေးစီးခြားမှာ တရုတ်စစ်ကားတစ်စီး အစောင့်လိုက်ပါလာပါတယ်။ ပို့တဲ့အချိန်မှာ တရုတ်ရဲ ၊ အထူးရဲ ၊ ယာဉ်ထိန်းရဲတွေက နယ်စပ်ဂိတ်မှာ လုံခြုံရေးယူကြတာ” ဟု တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရှင်းပြသည်။

တရုတ်နိုင်ငံက ယင်းသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းမှုမှာ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ် မန်စီမြို့နယ် ၊ခမရ ၄၂၄ ရှေ့တန်းစခန်း၊ ခမရ ၄၂၄ ပင်မတပ်ရင်း နှင့် ရဲစခန်းတို့မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးကို မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းခဲ့သည်။

အလားတူ ယခုနှစ် ဧပြီလအတွင်း မြန်မာ- တရုတ် နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်နှင့် လွယ်ဂျယ်မြို့ကို KIA က သိမ်းပိုက် စဉ် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ဦးကိုလည်း မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံသို့ တရုတ်က ပြန်လည် လွှဲပြောင်းပေးခဲ့ပြန်သည်။

လက်ရှိတွင် တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးသည့် စစ်ရှုံးသမားများဖြစ်ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၇ ဦးရှိလာပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article