မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် အကြမ်း ဖက်မှု ရပ်တန့်ရေးနှင့် ကျူးလွန်သူများကို အရေးယူနိုင်ရေး ကုလသမဂ္ဂနှင့် နိုင်ငံတကာက ဦးဆောင်အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း
ရန်ကုန်၊ နိုဝင်ဘာ ၂၆
မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ကျူးလွန်သူများကို အရေးယူနိုင်ရေး ကုလသမဂ္ဂ ဦးဆောင်အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် နှစ်စဉ် ကျင်းပသော အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအပြည်ပြည်ဆိုင်ရာနေ့ ၂၅ နှစ်မြောက် အထိမ်းအမှတ် အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအား ချန်လှပ် မထား စေလိုကြောင်း၊ ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရန်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ချုပ်ငြိမ်းရန်၊ရာဇဝတ် မှု ကျူးလွန် သူများအား တာဝန်ခံစေရန်နှင့် နစ်နာသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှု ဖော်ဆောင်ရန် ကုလသမဂ္ဂအနေ ဖြင့် ဆက်လက်ဦးဆောင်ကာ စုပေါင်း အရေးယူဆောင်ရွက်ချက် များ ကို ဟန်ချက်ညီညီ လုပ်ဆောင်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုသည်။
မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေး အား မြှင့်တင်ကာကွယ်ရေးအတွက် ဆုတ်ယုတ်မှုများကို တိုးပွားစေရုံသာမက ၎င်းတို့အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို သာလွန်ဆိုးရွားစေပြီး ကျားမတန်းတူညီမျှမှု ရှိရေးကိုလည်း ပျက်ယွင်းစေကြောင်း၊ ရဲရင့်သော မြန်မာ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်သူများအနေဖြင့် စစ်အာရှင် စနစ်အား ခုခံတော်လှန်ရာ တွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိကြောင်း၊ ၎င်းတို့မှ ထိရှလွယ်သော အုပ်စုများ၏ အခွင့်အရေးအတွက် ကာကွယ်မြှင့်တင်ပေးခြင်းနှင့် စစ်အာရှင်စနစ် ကျဆုံးရေးအတွက် တိုက်ပွဲဝင်ခြင်းတို့ အတွက် ဆောင်ရွက်မှုအား စစ်အုပ်စု၏ မည်သည့် ခြိမ်းခြောက်မှုကမျှ တားဆီးနိုင်ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့်မူ စစ်အာဏာရှင်စနစ်၊ ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှုနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့်တို့အား အပြီးတိုင် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် ခိုင်မြဲသော သန္နိဋ္ဌာန်ချမှတ်ထား၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအပေါ် အကြမ်း ဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု အနေဖြင့် ယနေ့မှစ၍ “၁၆ ရက်အကြာ လှုပ်ရှားမှု” စည်းရုံး လှုပ်ဆော်မှု အစီအစဉ်ကို စတင် လုပ်ဆောင်လျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာ သိမ်းမှုတစ်လျှောက်တွင် စစ်အုပ်စုနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများက အမျိုးသမီးများ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ တိုးချဲ့၍ ကျူးလွန်လျက်ရှိခြင်းက အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေခြင်းအတွက် အထင်ရှားဆုံး သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ စစ်အုပ်စုနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများက နေ့စဉ် ကျူးလွန်လျက်ရှိသော မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကျဲခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအကျပ်တပ်သားစုဆောင်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အမြတ်ထုတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်း ဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများအား စစ်လက်နက်သဖွယ် အသုံးပြုခြင်းနှင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အမျိုးသမီး များ၊ မိန်းကလေးငယ်များ၊ ကလေးငယ်များနှင့် LGBTQ အုပ်စုများအား အထူး ထိရှလွယ်စေ ကြောင်း သံအမတ်ကြီးက ပြောသည်။
၎င်းတို့အနေဖြင့် စစ်တပ်၏ ယုတ်ရင်းရက်စက်သော ကြမ်းကြုတ်မှုများ၏ ဒဏ်ကို အမြင့်မားဆုံး ခါးစည်းခံနေရကြောင်း၊ ထို့ကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လုံခြုံမှုအား ကာကွယ်ပေးခြင်းနှင့် ၎င်းတို့မှ ကဏ္ဍအစုံတွင် တန်းတူညီမျှစွာ၊ ထိရောက်စွာနှင့် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ ယင်းလှုပ်ရှားမှုအားလုံးနှင့်တကွ အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာ ပိုမို ရရှိစေရေးနှင့် ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်ပေးရေးတို့အတွက် စီမံရလွယ်ကူသော ဘဏ္ဍရေး အရင်းအမြစ် များ ထောက်ပံ့ပေးခြင်း အပါအဝင် နည်းပညာအကူအညီနှင့် လိုအပ်သော အရင်းအမြစ်များ ပံ့ပိုး ပေးရန် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးအနေဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းက အလွန် အရေးကြီးကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့်မူ စစ်အာဏာရှင်စနစ်၊ ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှုနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့်တို့အား အပြီးတိုင် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် ခိုင်မြဲသော သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။