34 C
Yangon

မင်းတုန်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃၀ ဦး ထက်မနည်း သေဆုံးပြီး တပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိ၊ လက်နက် ၉ လက်နှင့် ပြည်သူများထံမှ ခိုးယူထားသော ရွှေလက်ကောက် ၃ ကွင်းတို့ သိမ်းဆည်းရရှိ

Must read

မင်းတုန်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃၀ ဦး ထက်မနည်း သေဆုံးပြီး တပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိ၊ လက်နက် ၉ လက်နှင့် ပြည်သူများထံမှ ခိုးယူထားသော ရွှေလက်ကောက် ၃ ကွင်းတို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃၀ ဦး ထက်မနည်း သေဆုံးပြီး တပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိကာ လက်နက် ၉ လက်နှင့် ပြည်သူများထံမှ ခိုးယူထားသော ရွှေလက်ကောက် ၃ ကွင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီး ကပစ-၁၂ (သရက်) ၊ ကပစ-၁၈ (တောင်တွင်းကြီး) ၊ ခလရ-၄၄ (သရက်) ၊ တပ်မ-၈၈ (မကွေး) တို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများဖြင့် စုဖွဲ့ထားသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ပျူစောထီး ခေါင်းဆောင် ဖိုးပြားနှင့် တပည့် ပျူစောထီး ၅ ဦး တို့၏ လမ်းပြမှုဖြင့် ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငှက်ပျင်းကျေးရွာမှ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် မြောက်ပြင်ကျေးရွာနှင့် ကြိုးဝကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်း အထိုင်ချ တပ်စွဲထားစဉ် သရက်ခရိုင်အမှတ်-၄တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းစစ်ကြောင်းက ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြောက်ပြင်နှင့် ကြိုးဝကျေးရွာများ အနီးကို လက်နက်ကြီး အချက် ၆၀ ခန့်ဖြင့် တနေကုန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကြိုဝကျေးရွာအတွင်းကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ခိုးယူကာ ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဘုန်းကြီးကျောင်းကို သရက်ခရိုင်အမှတ်-၄ တပ်ရင်းနှင့် ကျောင်းသား လက်ရုံး တပ်တော်(SAF) ပူးပေါင်းစစ်ကြောင်းက ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးချ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းမှ စစ်ကောင်စီ တပ်သားများ ဆုတ်ခွာသွားပြီး ကြိုးဝကျေးရွာအနီးတဝိုက်တွင် စခန်းချနေရာယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကြိုးဝကျေးရွာအနီးတဝိုက်၌ စခန်းချ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ်-၁ စစ်ဒေသ ၊ မကွေးတိုင်း၊ သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ(၁) နှင့် တပ်ခွဲ (၃) မှ လက်ဦးမှုရယူပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မိနစ် ၄၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ဦးခန့်သေဆုံးပြီး ကျန်ရှိနေသော စစ်သားများ တပ်ပျက်၍ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-1 သေနတ် ၃ လက်၊ MA-3 သေနတ် ၄ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ MA-15 ငါးကြင်းမြှီး စက်လက် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေးဒရုန်း ၁ စီး နှင့် MA ကျည် ၁၈၀၀ တောင့်၊ ငါးကြင်းမြှီးကျည် ၄၅၀ တောင့်၊ ၆၀ မမ ဗုံးသီး ၇ လုံး တို့နှင့်အတူ ဒေသ ပြည်သူများထံမှ ခိုးယူထာသော ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း ကပစ-၁၈ (တောင်တွင်းကြီး) မှ တပ်ကြပ်အဆင့်ရှိသူ စစ်သုံ့ပန်း ၁ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ တပ်ခွဲမှူး ၁ ဦး နှင့် ရဲဘော် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ပြန်လည်ဆုတ်ခွာချိန် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် မိနစ် ၃၀ ခန့် ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း သိရသည်။

“၁၈ ရက်နေ့က စပြီး မှန်ကျေးရွာ နောက်ပြီး ယွန်းကျဆင်စခန်း အဲဘက်တွေမှာ သူတို့ သစ်ကွက်တွေလည်းရှိတယ်။ သူတို့ သစ်ထုတ်ချင်တာမလို့ နယ်မြေရှင်းတာလည်းပါတယ်။ ပြီးတော့ ငှက်ပျင်းကျေးရွာ အဲရွာကိုဝင်တယ်။ သူတို့အဲမှာ ညအိပ်ပြီးတော့ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကြိုးဝ၊ မြောက်ပြင်ပေါ့။ အဲတွေကို ဝင်ဖို့ သူတို့ ချက်ခြင်းမဝင်နိုင်ဘဲ အတိုက်အခိုက်ခံရမှာလည်းသိတော့ နောက်ပြန်ဆုတ်တယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေက မင်းတုန်းမြို့ ၅ မိုင် ဂိတ်နဲ့က ၅ မိုင်၊ ၆ မိုင်လောက်ပဲဝေးတယ်။ သူတို့ကအဲမှာ ၁၂၀ မမ လက်နက်ကြီးထိုင်ထားပြီးတော့ အဲကနေပြီးတော့မှ ကျန်တော်တို့ရှိနိုင်မယ့် နေရာတွေကို တစ်နေကုန် ထုတာ ပြီးတော့မှ သူတို့က ကြိုဝကျေးရွာက ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူတာ သူတို့ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတုန်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ ရွာထဲမှာတပ်မစွဲရဲတော့ဘဲနဲ့ ရွာအနီးတပ်စွဲနေတဲ့ အချိန် သူတို့တပ်စွဲထားတဲ့နေရာတွေကို အလစ်အငိုက် ဝင်တိုက်ခဲ့တာပေါ့။ စစ်သုံ့ပန်းကိုတော့ ထိန်းသိမ်းထားပါတယ်။ သူ့ကိုတော့ စစ်ဆေးတာတွေမလုပ်ရသေးဘူး။ စစ်ဆေးပြီးရင်လည်းတော့ ဝန်ကြီးဌာန ညွှန်ကြားတဲ့အတိုင်း လွှဲပြောင်းပေးသွားမှာပါ။ ကျွန်တော်တို့ တပ်ခွဲ ၂ က ဆုတ်ပြေးသွားတဲ့ ခွေးတွေကို လိုက်လံ တိုက်ခိုက်တာရှိပါတယ်။ အထိအခိုက်တော့မသိရသေးဘူး။ ၅ မိုင်ဂိတ်ဘက်မှာ စစ်ကောင်စီ တပ်တွေ အင်အား ပြန်စုပြီးတော့ ဒီနေ့မနက်က စပြီး စစ်ကြောင်းထိုးနေတာတွေရှိတယ်။ မြေပြင် တိုက်ပွဲတွေရှိလာနိုင်တယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

လက်ရှိအချိန်တွင် အထိနာထားသော အကြမ်းဖက် စစ်တပ်သည် အင်အားများ ထပ်မံစုဖွဲ့၍ မြောက်ပြင်ကျေးရွာနှင့် ကြိုဝကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထပ်မံ စစ်ကြောင်းထိုးနေ၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့်ကျေးရွာ ၄ ရွာကျော်မှ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ ၁၀၀၀ ခန့်သည် လက်ရှိချိန်တွင် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article