32 C
Yangon

မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်၍ အသိအမှတ်မပြုဟု အကြမ်းဖက် စစ်ကောင်စီက တုံ့ပြန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

အကြမ်းဖက် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် စစ်ကောင်စီက မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်၍ အသိအမှတ်မပြုကြောင်း ယမန်နေ့ညပိုင်းတွင် တုံ့ပြန်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေး အဖွဲ့က စစ်လော်ဘီသတင်းမီဒီယာအမည်ခံများနှင့် နိုင်ငံခြားသတင်းဌာနများသို့ ပေးပို့သော ဖြေကြားချက်တွင် အထက်ပါအတိုင်း တုံ့ပြန်ထားခြင်းဖြစ်ပြီး ယင်းတုံ့ပြန်ချက်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာနှင့် သတင်းဌာနများတွင် တရားဝင် ဖော်ပြခြင်း လုံး၀ မရှိပေ။

ရခိုင်ပြည်မှ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယမန်နေ့က လျှောက် ထားလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။” ဟု စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တုံ့ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး လျှောက်လိုက်သည့်သတင်းမှာ CNN ၊ Reuters ၊ AP ၊ AFP ၊ BBC အပါအဝင် ကမ္ဘာ့နာမည်ကျော်သတင်းဌာနကြီးများအားလုံးတွင် ထိပ်တန်းသတင်းကြီးအဖြစ် ဖော်ပြလျက်ရှိပြီး ICC က ဖမ်း၀ရမ်းထုတ်တော့မည် မင်းအောင်လှိုင် ဘယ်လိုလူစားလဲ ဆိုသော သုံးသပ်ချက် ဆောင်းပါးများကိုလည်း The New York Times သတင်းစာကြီးကလည်းကောင်း ဖော်ပြထားသည်။ ထို့ပြင် နာမည်ကျော် The guardian နှင့် AL JAZEERA သတင်းဌာနကြီးများကလည်း မင်းအောင်လှိုင်နှင့်စစ်အာဏာသိမ်းမှု အခြေအနေများ၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်တင်ပြနေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၊Burma Campaign for UK ၊ Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့တချို့ကလည်း ICC တရားရုံး၏ မင်းအောင်လှိုင်အပေါ် ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားမှုဆိုင်ရာ ထုတ်ပြန်ချက်အပေါ် အပြုသဘောရှုမြင်ကြိုဆိုလိုက်ကြပြီး ICC တရားရုံး၏ လုပ်ရပ်မှာ မှန်ကန်ကြောင်း ထုတ်ပြန်ပြောဆိုထားကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article