24 C
Yangon

မကွေးမြို့တွင် စစ်တပ်က လုံခြုံရေး တိုးမြှင့်ထားချိန် ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပွားပြီး ရွှေ ၅၀ ကျပ်သားခန့် လုယက်ပါသွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ မကွေးမြို့တွင် စစ်တပ်က လုံခြုံရေး တိုးမြှင့်ထားချိန် ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်ပွားပြီး ရွှေ ၅၀ ကျပ်သားခန့် လုယက်သွားကြောင်း​ ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးမြို့၊ မြင်သာရပ်ကွက်၊ ရန်ပယ်စျေး၊ မဲထီးလမ်းနှင့် သုခိကာ လမ်းထောင့်ရှိ “ချိုချိုရတနာရွှေဆိုင်” ကို ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက လာရောက်ဓားပြတိုက်ကြောင်း၊ ပထမဦးစွာ အမျိုးသား ၂ ဦးက ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ပြီး ရွှေများ မလုယက်ခင် လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရွှေဆိုင်ပိုင်ရှင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယင်းနောက် ရွှေဆိုင်ကို လုယက်သူ ၂ ဦးက ရွှေထည်များ သိမ်းယူ၍ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

“ရွှေတွေပါသွားတာက ၅၀ သားကျော် ၆၀ သားလောက်ပါသွားတယ်ပြောတယ်။ မကွေးမြို့မှာက ပြည်သူ့စစ်တွေရော စစ်တပ်ရော တစ်မြို့လုံး လုံခြုံရေး အပြည့်ချထားတယ်။ ဒါ့အပြင်ကို မကွေးမြို့ ၊ နတ်မောက်လမ်းပေါ် မြို့အဝင်ဂိတ်နှင့် မြို့အထွက် ဝက်သိုးကျေးရွာဂိတ်မှာလည်း စစ်တပ်၊ ရဲ၊ ပျူစောထီးနဲ့ ဌာနပေါင်းစုံ ပါတယ်။ ဂိတ်တွေမှာလည်း အင်အားများတယ်။ မကွေးမြို့ပေါ်မှာလည်း တစ်ချိန်လုံး လုံခြုံရေးတွေချည်းပဲရှိနေတဲ့အချိန်မှာ ဓားပြတိုက်မှုဖြစ်တာဆိုတော့ နောက်ပြီး တိုက်သူတွေကလည်း ဒီနေ့ အထိ မမိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီက ရွှေဆိုင်ဓားပြတိုက်သူများကို ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များ​ကို ပေါ်တာဆွဲ ဖမ်းဆီးမှုများကိုသာ မကွေးမြို့ပေါ်တွင် အရှိန်အဟုန်မြှင့် ဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article