30 C
Yangon

မင်းလှမြို့နယ်၊ ပဲခူးရိုးမရှိ ခါချဉ်တောင်ပေါ် တက်လာသည့် စစ်ကြောင်းကို မိုင်း အလုံး ၄၀ ခန့်ဖြင့် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး စစ်သားအလောင်းများကို ကား ၃ စီးဖြင့် သယ်ထုတ်သွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမရှိ ခါချဉ်တောင်ပေါ် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်း အလုံး ၄၀ ခန့်ဖြင့် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး စစ်သားအလောင်းများကို ကား ၃ စီးဖြင့် သယ်ထုတ်သွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်ကို တက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဥတစ်လုံးတောင်အနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းက မိုင်း အလုံး ၄၀ ခန့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ၁၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” မိုင်းကွင်းက ၃တန်းတွဲပါ။ စစ်ခွေး ၈၀ လောက်က ​မိုင်းရှာနေတုန်း မိုင်းကွင်း ၃ တန်းတွဲလဲရောက်ရော ခွဲလိုက်တာ အဲ့မှာ သေတာတွေ မျက်မြင်ကို ၄၀ သေတယ်။ ၁၅ ကောင်လောက်ကလည်း ခြေတွေလက်တွေပြတ်ထွက်ကုန်တာ အကောင်းအတိုင်း ကျန်တာဆိုရင် ၂၀ လောက်ပဲရှိမယ် ၁ တန်းတွဲမှာ မိုင်းအကြီးတင် ၃ လုံးနဲ့ အသေးရောဆို ၁၀ လုံးလောက်ရှိမယ်။ တစ်တန်းကို ၁၀ လုံးကျော်မယ်။ စစ်ခွေး အသေတွေကို ကား ၃ စီးနဲ့ လာသယ်သွားတာ အလောင်းတချို့တော့ တောထဲတင် ပစ်ခဲ့တယ် သတင်းကြားလို့ ခုအလောင်းတွေရှာနေပါတယ်။ အလောင်းတွေကို ချောက်ထဲပစ်ထားခဲ့တယ်ပြောတယ်။ နောက်ပြီး စစ်ခွေးတွေက စစ်ရှောင်တဲ ၂ လုံးကို ဖျက်ဆီးသွားတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ် စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က သတိပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article