ပြင်ဦးလွင်တွင် စစ်တပ်ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ မုဒိမ်းကျင့်ခြင်းများကျူးလွန်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်
“သူက ဘုရားအလောင်းဖြစ်တဲ့ အတွက် ပါရမီဖြည့်ဖက် လုပ်ရမယ်။ ဒါကြောင့် သူနဲ့ကလေးမွေးပေးရမှာ။ အဲ့ကလေးကို မျိုးဆက်ချန်ရမှာ” ဟု ပြောဆို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်တပ်က ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင် အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး အသက် အန္တရာယ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကျူးလွန်ခံရသူတချို့နှင့် အနီးကပ်နေထိုင်ခဲ့ရသူတချို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပြင်ဦးလွင်မြို့နယ်၊ အင်းကြီးစံပြရွာ၊ အနီးစခန်း စည်သာဆည်အနီးရှိ မြကျောက်အပ္ပမာဒမဟိဒ္ဓိကျောင်းတွင် နေထိုင်သော ကျောင်းထိုင် ဘုန်းကြီး အပ္ပမာဒမဟိဒ္ဓိ ဆရာတော် အရှင်ဝါသဝ ဆိုသူက စစ်ဘေးရှောင် ပြည်သူများ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဘုန်းကြီးကျောင်းကို စစ်ဘေးတိမ်းရှောင်လာသော အမျိုးသမီးများနှင့် တရားစခန်း ဝင်လာသော အမျိုးသမီးများကို ပစ်မှတ်ထား၍ သီလရှင် ဝတ်ခိုင်းပြီး ကျောင်းထိုင် ဘုန်းကြီးက သာသနာအတွက် ပါရမီ ဖြည့်ဖက် လုပ်ဆောင်ရမည်ဟု စည်းရုံးသိမ်းသွင်းပြီး မျိုးဆက်ပွားရမည်ဟုဆိုကာ အမျိုးသမီးများကို လိင်ပိုင်ဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသော အမျိုးသမီးများကိုလည်း ကျောင်းတိုက်အတွင်း ပိတ်လှောင်ပြီး ရိုက်နှက် နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်များကို ထုတ်ဖော် ပြောဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“သူက ဘုရားအလောင်းဖြစ်တဲ့ အတွက် ပါရမီဖြည့်ဖက် လုပ်ရမယ် ဒါကြောင့် သူနဲ့ကလေးမွေးပေးရမှာ အဲ့ကလေးကို မျိုးဆက်ချန်ရမှာဆိုပြီး သိမ်းသွင်းတာတွေလုပ်တယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားတယ်။ နောက်ပြီးသူက စိတ်အခန့်မသင့်ရင် အမျိုးသမီးတွေကို ပိတ်လှောင်ပြီး နှိပ်စက်တယ်။ ပြီးရင် ဒါက ဝဋ်ကြွေးဆပ်ရတယ်ဆိုပြီး ပြန်ချော့တယ် တောင်းပန်တယ်။ ဒီဝဋ်ကြွေးတွေ ဆပ်ပြီးရင် ပိုကောင်းတဲ့ ဘဝကို ရမှာဆိုပြီး သိမ်းသွင်းစည်းရုံးတယ်။ သူလိင်ပိုင်ဆိုင်ရာ စော်ကားခံရတဲ့ မိန်းကလေးတွေက ထုတ်ဖော်ရင် ဓားနဲ့ ထောက်ပြီး သတ်ပစ်မယ်လို့ ဘုန်းကြီးက ခြိမ်းခြောက်တယ်။ သူက စစ်တပ် ကြောထောက်နောက်ခံရှိတဲ့ အတွက်ကြောင့် ဘယ်မိန်းကလေးကမှ တိုင်ချက်မဖွင့်ရဲဘူး။ ကျွန်တော်တို့က အနီးကပ် နေခဲ့ရတဲ့ သူတွေဆိုတော့ နောက်ထပ် မိန်းကလေးတွေ ထပ်ပြီး ဖျက်ဆီးခံရမှာကို မလိုလားတော့လို့ ထုတ်ပြောရတာပါ” ဟု ဘုန်းကြီးနှင့် နီးကပ်နေထိုင်ခဲ့ဖူးသူများက ပြောဆိုသည်။
ထို့ပြင် အဆိုပါ ဘုန်းကြီးသည် လက်တွေ့အသုံးချဗုဒ္ဓဓမ္မနှင့် ဘဝအောင်မြင်ရေး Online သင်တန်းနှင့် GOALS International Company Limited တို့ကို တည်ထောင်ထားပြီး လစဉ် ဝင်ငွေ သိန်းထောင်ချီ ရရှိနေကြောင်း သိရသည်။
ယင်း ကျောင်းထိုင်ဘုန်းကြီးသည် စီးပွားရေးအတွက် GOALS International Company Limited ကို တည်ထောင်ထားပြီး ကုမ္ပဏီကို သာသနာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ်အတွက်ဟု ခေါင်းစဉ်တပ်၍ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သော လူငယ်များကို လုပ်ခ ခေါင်းပုံဖြတ်ကာ ဝင်ငွေအားလုံးကို အပိုင်စီးထားကြောင်း၊ ထို့ပြင် ငွေကြေး ချမ်းသာသောသူများထံမှလည်း ခေါင်းစဉ် အမျိုးမျိုးတပ်၍ သိန်းထောင်ချီ အလှူခံမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
“သူက သာသနာအတွက် ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် တည်ဆောက်မယ်လို့ အကြောင်းပြပြီး လူငယ်တွေရဲ့ ကိုယ်အား ဉာဏ်အား ငွေအားတွေကို ကျောက်ခဲရေညှစ်သလို ညစ်ယူနေတာ တကယ်က သာသနာအတွက်လည်း ဘာမှကို မလုပ်ဘူး။ သူ့အကျိုးစီးပွားအတွက်ပဲ သူအသုံးပြုတာ နောက်ပြီး သူကသာ သာသနာကို မစောင့်ရှောက်ရင် သာသနာ ပျက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကို ပြောပြီး လူငယ်တွေရဲ့ လုပ်အားကို အသုံးချနေတာ အဲဘုန်းကြီးက အပ္ပမာဒနှလုံးသားကွန်ယက် ဆိုပြီး ပရဟိတ အဖွဲ့တည်ထောင်တဲ့ အချိန်တုန်းလည်း မိန်းမကိစ္စနဲ့ ငွေကြေး အရှုပ်အရှင်းတွေကြောင့် နာမည်ပျက်ပြီး ပြင်ဦးလွင် တောထဲ ကို ရောက်လာတာ ဒီကိုရောက်လာပြီး ငြိမ်သွားသေးတယ်။ စစ်တပ် အာဏာသိမ်းတဲ့ အချိန်မှာ သူ့ဗီဇတွေ ထပ်ပြပြီး လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ ငွေကြေး အရှုပ်အရှင်း ကိစ္စတွေ ထပ်ဖြစ်တော့တာပဲ” ဟု ဘုန်းကြီးနှင့် နီးကပ်နေထိုင်ခဲ့ဖူးသူများက ပြောဆိုသည်။
အဆိုပါ အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) ထံတွင် အမှုဖွင့်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးထံသို့ မက်ဆင်ဂျာမှ တစ်ဆင့် ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်ခေတ်သစ်က ပေးပို့သော စာများနှင့် မေးခွန်းများကို ဘုန်းကြီးက ဖတ်ရှုသွားသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုပေ။
ယင်းနောက် ဘုန်းကြီးနှင့်အနီးကပ်နေထိုင်သော ကပ္ပိယများက ဘုန်းကြီး၏ လိင်စော်ကားမှု ကျူးလွန်ခံရသော အမျိုးသမီးများကို ဆက်သွယ်၍ မည်သူက ခေတ်သစ်ကို သတင်းပေးသနည်းဟု ခြိမ်းခြောက်မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ဘေးရှောင် ပြည်သူများ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီး အပ္ပမာဒမဟိဒ္ဓိ ဆရာတော် အရှင်ဝါသဝ။