ရန်ကုန်၊ ဒီဇင်ဘာ ၄
တအာင်း TNLA ကဲ့သို့ပင် ကိုးကန့် MNDAA တပ်ဖွဲ့ကလည်း တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေး နိုင်ငံ ရေး နည်းလမ်းဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ကြေညာသည်။
ကိုးကန့်တပ် MNDAA က အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ၊ စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးအကို ငဲ့ညှာထောက်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းလိုခြင်းနှင့် ပြည်တွင်းစစ်ရေးပဋိ ပက္ခများကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ မြန်မာပြည်ထဲမှ ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။
MNDAA အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမည်ဖြစ် ကြောင်း၊ ယနေ့မှစ၍ ရောက်ရာနေရာမှ တပ်ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစ ပြု ထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါ အဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု MNDAA က မျှော်လင့်ကြောင်း၊တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့် မြေပြင် ထိုး စစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဖြစ်ကြောင်း MNDAA က တောင်းဆိုထားသည်။
အကယ်၍ တွေ့ဆုံဆွေးနွေးမည်ဆိုပါက MNDAA အနေဖြင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦး နှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၊နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း ကိုယ့်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမည်ဟု MNDAA က ထုတ်ပြန်သည်။
အလားတူပင် TNLA ကလည်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျောက်မဲမြို့ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချပြီး ပြည်သူ ၁၀ ဦး သေဆုံးစေခဲ့သော အကြမ်းဖက်လုပ်ရပ်ဖြင့် TNLA ၏ ကြေညာချက်ကို တုံ့ပြန်ခဲ့သည်။
“စာရွက်တွေပေါ်က ကြေညာချက်တွေအစား မြေပြင်မှာ ဘာတွေ လုပ်နေလဲဆိုတာက ပိုပြီးတော့ တကယ့်လက်တွေ့ကျပါတယ်။ တရုတ်ဖိအားက ကြီးကြီးမားမား ရှိနေတာကိုလည်း ပြည်သူတွေ သိဖို့လိုတယ်။ အလုပ်တွေကပဲ မကြာခင်မှာ သက်သေ ပြပါလိမ့်မယ်” ဟု တော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်နေသည့် သတင်းရင်းမြစ်တစ်ခုက သုံးသပ်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar