ရန်ကုန်၊ ဒီဇင်ဘာ ၄
ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း (ခေါ်) The Myanmar Terminal-TMT ဆိပ်ကမ်းမှ ရခိုင်သို့ အကြမ်းဖက် စစ်တပ် ထောက်ပို့ရေယာဉ် ၁ စီး ထွက် ခွာသွားပြီး လက်နက်ခဲယမ်း၊ စက်သုံးဆီ၊ စားသောက်ကုန်များ အပါ အဝင် စစ်မှုထမ်း တပ်သားသစ်များနှင့် ဒဏ်ရာမှ သက်သာလာသည့် စစ်သားများ လိုက်ပါသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းမှ အကြမ်းဖက် စစ်တပ်၏ ရေတပ် ထောက်ပို့ရေယာဉ် ပြည်တော်အေး (၃) သင်္ဘော ထွက်ခွာသွားကြောင်း ၊အဆိုပါ စစ်ရေယာဉ်သည် ကျောက်ဖြူ (သို့မဟုတ်) စစ်တွေသို့ ဦးတည် ထွက်ခွာသွားခြင်းဖြစ်ပြီး လက်နက်ခဲယမ်းပစ္စည်းများ၊ စက်သုံး ဒီဇယ်၊ စားသောက်ကုန်များ အပြင် စစ်ကား ၇ စီးခန့်ကိုပါ တင်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်သားများ ဝတ်ဆင်ထားသော စစ်ဝတ်စုံတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တံဆိပ်များ၊ တပ်မ ၇၇ တံဆိပ်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တံဆိပ်များ တပ်ဆင်ထားကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းထားသူများလည်း လိုက်ပါသွားပြီး တိုက်ပွဲများအတွင်း ဒဏ်ရာရကာ ဆေးကုမှု ခံယူပြီး ပြန်လည် သက်သာလာသည့် စစ်ကောင်စီ တပ်သာများလည်း လိုက်ပါသွားကြောင်း သိရှိရသည်။
“ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းကနေ ရေတပ်က ထောက်ပို့ ရေယာဉ် ပြည်တော်အေး ၃ သင်္ဘောထွက်ခွာ သွားတယ်။ ကျောက်ဖြူနဲ့ စစ်တွေဘက်ကို သွားတယ်လို့သိရတယ်။ လက်နက် ပစ္စည်း ဒီဇယ်နဲ့ စားသောက်ကုန်တွေ ပါသွားတယ်။ နောက်ပြီး စစ်ကား ၇ စီးခန့်နဲ့ ရခိုင်ဘက် တံဆိပ် ၊ တပ်မ ၇၇ တံဆိပ် ၊ ရကတ တံဆိပ်တွေ တပ်ထားတဲ့ စစ်သားတွေ ပါသွားတယ်။ တချို့က ချိုင်းထောက်တွေနဲ့ ဆေးရုံက ဆင်းတဲ့သူတွေ ပြန်ပို့တာလည်း ပါတယ်။ တချိုတွေက စစ်မှုထမ်းတွေ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ရခိုင်စစ်မြေပြင်သို့ လေကြောင်း၊ ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းပြီး AA ၏ ထိုးစစ်ကို ခုခံကာကွယ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ – ကော့သောင်းတွင် စစ်မှုထမ်း တပ်သားသစ်များကို တင်ဆောင်ထွက်ခွာသွားခဲ့သည့် စစ်သင်္ဘော။ (ပုံအဟောင်းဖြစ်ပါသည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar