ရန်ကုန်၊ ဒီဇင်ဘာ ၅
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တရားခံ ဦးစံ ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ဦးစီးခုံရုံးအဖွဲ့နှင့် ဥပဒေရုံးအဖွဲ့က သေဒဏ်ချမှတ်လိုက်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့တွင် စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်း အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အသက် ၄၂ နှစ်အရွယ် ဦးစံ ဆိုသူကို တော်လှန်ရေး တပ်ဖွဲ့များက ၇၂ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်၊ သရက်တောတိုက်နယ်၊ ဂုန်ညှင်းနွယ်ကျေးရွာတွင်နေထိုင်သော တရားခံ ဦးစံသည် မုဒိမ်းမှု ကျူးလွန်ပြီးနောက် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်၍ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ပုဒ်မ – ၃၇၆/ ၃၀၂ (က) တို့ဖြင့် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်ထားသော တရားခံ ဦးစံကို စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးယန္တရားအဓိကအကောင်အထည်ဖော်လည်ပတ်ဆောင်ရွက်လျှက်ရှိသော ဆရာမ Heineken (ဥပဒေရေးရာတာဝန်ခံ-ပူးတွဲ)၊ စလင်းပကဖ တာဝန်ခံ M4 (ပအဖ-ဒုတာဝန်ခံ)၊ ထောက်လှမ်းရေး- သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Aung San တို့မှ ဦးစီးခုံရုံးဖွဲ့ပြီး ဥပဒေရုံးအဖွဲ့များနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
သေဒဏ်ချမှတ်ခြင်း ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အဖွဲ့အစည်းတစ်ခုမှ ဆရာမ Heineken ကို ဦးတည် တိုက်ခိုက်ရေးသားထားခြင်းများ လုပ်ဆောင်ခဲ့ပြီး ယင်းအဖွဲ့အစည်းကို မည်သည့်တာဝန်ခံများနှင့် ဖွဲ့စည်းထားပြီး မည်သည့်အလုပ်များ လုပ်ဆောင်နေသည်ကိုမသိရှိရကြောင်း၊ စလင်းမြို့နယ်အတွင်း ဖြစ်ပျက်သွားသည့် ဆိုးရွားလှသည့် လူသတ်မုဒိမ်းမှုပင် အာရုံမထားဘဲ ဂုန်ညှင်းနွယ်ရွာပင် ရောက်ရှိခြင်းမရှိဘဲ ထိုကဲ့သို့ ကန့်လန့်တိုက် တိုက်ခိုက်နေမှုကို ရှုံ့ချကြောင်းနှင့် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြည်သူလူထု လိုလား တောင်းဆိုချက်များအရ ပြည်သူလူထု အရေးကိစ္စမှန်သမျှကို ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar