26 C
Yangon

မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ ၃ ဦးသေဆုံးကာ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

Must read

မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ ၃ ဦးသေဆုံးကာ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ ၃ ဦးသေဆုံးကာ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သစ်ရုံရွာကို အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သစ်ရုံရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး လက်နက်ကြီး ကျည်စထိမှန်ကာ သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကာ မြင်းခြံမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“သစ်ရုံရွာက အိမ်ခြေ ၂၀၀ လောက် မီးရှို့ခံလိုက်ရတယ်။ စစ်ခွေးတွေက မနက် ၆ နာရီ ကျော်ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးတော့ မနေ့ မနက် ၇ နာရီလောက်ကျတော့ မီးရှို့တယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့မှု ဖြစ်လိုက်သေးတယ်။ သူတို့ဘက်ကလည်း အထိအခိုက် တော်တော်ရှိသွားတယ်။ တော်လှန်ရေး အင်အားစုတွေဘက်က ရဲဘော် ၂ ဦး ကျတယ်။ ပြီးတော့ သူတို့ကို ပြန်ဆုတ် ပစ်ပြီးတဲ့ အချိန်မှာ သူတို့တွေ လက်နက်ကြီးထုလို့ သစ်ရုံရွာက ပြည်သူ ၃ ဦး သေဆုံးတယ်။ ၁ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးသေစာရင်းတော့ ခန့်မှန်းလို့မရဘူး။ ထိခိုက်မှုကတော့ တော်တော်များတယ်။ သူတို့ဘက်ကလည်း တော်တော်ပြန်ပစ်တယ်။ ပစ်အားများတယ်။ စစ်ခွေးတွေက လူလိုသိတဲ့ သူတွေမဟုတ်တော့လည်း အိမ်နဲ့ယာနဲ့ မနေဖူးတဲ့ သူတွေဆိုတော့ သူတို့ လုပ်နေကျအလုပ်လုပ်တာပေါ့။ အဓိကက သူတို့ သတ္တိရှိမယ်ဆိုရင် စစ်နဲ့တူအောင်တိုက်ပေါ့” ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်နေပြီး ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article