21 C
Yangon

ကလေးမြို့ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ အခန်းခ ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေပြီး အခန်းခ မပေးနိုင်သောသူများကို မတရားဖိနှိပ် ခိုင်းစေမှုကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် သေဆုံး

Must read

ကလေးမြို့ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ အခန်းခ ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေပြီး အခန်းခ မပေးနိုင်သောသူများကို မတရားဖိနှိပ် ခိုင်းစေမှုကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ အခန်းခ ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေပြီး အခန်းခ မပေးနိုင်သောသူများကို မတရားဖိနှိပ် ခိုင်းစေမှုကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကလေးမြို့ အကျဉ်းထောင်တွင် ထောင်ပိုင် အောင်မိုးဝင်းနှင့် ထောင်ပိုင်လေး ချိုမင်းလတ်တို့က အခန်းခအတွက်ဟုဆိုကာ အကျဉ်းသားတစ်ဦးလျှင် ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေခြင်း ဖြစ်ပြီး ငွေကြေးမတတ်နိုင်သော အကျဉ်းသားများကို မကောင်းသော အခန်းများတွင် ထားကြောင်း သိရသည်။

၎င်းတို့ တောင်းခံသော အခန်းခ မပေးနိုင်သူများကို မတရားဖိနှိပ်၍ အလုပ်ခိုင်းစေခြင်းကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် အလုပ်ကြမ်း လုပ်နေစဉ် အမောဖောက်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အခုလက်ရှိ တခြား ရာဇဝတ်အကျဉ်းသားတွေထဲ တန်းစီးချုပ်ကိုကျော်နိုင်လင်းဆိုတဲ့ လူက ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရည်ရွယ်ချက်ရှိ ရှိ ဖိနှိပ်နေတယ်။ ဒါအပြင် မတရားသော ငွေကြေးတွေကိုပါတောင်းခံတယ်။ မပေးနိုင်တဲ့လူတွေ အိမ်သာနားမှာ အိပ်ရတယ်။ အနံ့အသက်ဆိုးရွားတဲ့ နေရာတွေမှာထားတယ်။ ဒါကြောင့် ကျန်းမာရေးထိခိုက်တဲ့လူတွေ များလာတယ်။ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ့ ပိုပြီးတော့ ဆိုးရွားလာတာရှိတယ်။ ပိုက်ဆံကောက်ယူတဲ့ ကိစ္စက တော်တော်လေးဆိုးဆိုးရွားရွားဖြစ်လာနေတယ်။ ဒါအပြင် သူတို့ ပိုက်ဆံကောက်ယူမှုကို တင်ပြတဲ့ လူတွေကိုလည်း ခြိမ်းခြောက်ပြောဆိုတာမျိုး အသက်အန္တရာယ်ကိုပါ ဂရုမစိုက်တဲ့ ပြောဆိုမှုတွေ လုပ်ဆောင်လာတာဖြစ်တဲ့အတွက် အခုလိုမျိုး အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ကလေး အကျဉ်းထောင်အတွင်းတွင် ရောဂါအခံရှိသူများကိုပင် အလုပ်မလုပ်ပါက လျှော့ရက်ဖြတ်မည် ခြိမ်းခြောက်ကာ အလုပ်ကြမ်းများကို ခိုင်းစေနေခြင်းဖြစ်ပြီး အကျဉ်းထောင်တွင် မီးသီး၊ မီးလုံး၊ သော့မှ အစ အစစအရာရာ အထွေထွေပြင်ဆင်စရိတ်များကို အကျဉ်းသားများထံမှ ကောက်ခံသည့်အပြင် ခရီးသွားလာရေး စရိတ်များကိုပင် အကျဉ်းသားများထံမှ အတင်းအကျပ် တောင်းယူလေ့ရှိကြောင်း သိရှိရသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း ထောင်အရာရှိများက နှစ်ကြီးသမားများကို လက်သပ်မွေးကာ‌ တရားဥပဒေဘောင်ကို ကျော်လွန်သည့် အခွင့်အရေးများပေးပြီး နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့အမြင်မကြည့်သည့် အကျဉ်းသားများကို ကိုယ်ထိလက်ရောက် ကျူးလွန်စေခြင်း၊ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်ခိုင်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။

ကလေးအကျဉ်းထောင်၏ ထောင်ပိုင် အောင်မိုးဝင်းသည် “မင်းတို့တွေ စစ်တပ်နဲ့တရားသူကြီးတွေကို သုံးလေးဆယ် ပေးရတုန်းက အသံမထွက်ဘူး။ အခုငါတို့ကို နှစ်သိန်းသုံးသိန်းပေးရတော့မှ အသံလာမထွက်နဲ့” ဟု ပြောဆိုကြိမ်းမောင်းမှုမျိုးကိုပင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article