24 C
Yangon

ရေဦးနှင့် မြင်းခြံတွင် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ယခု ဒီဇင်ဘာလဝက်အတွင်း လူငယ် ၆၅ ဦးထက်မနည်း ဖမ်းဆီးခံရ

Must read

ရေဦးနှင့် မြင်းခြံတွင် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ယခု ဒီဇင်ဘာလဝက်အတွင်း လူငယ် ၆၅ ဦးထက်မနည်း ဖမ်းဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ပြည်သူ ၂၅ ဦးထက် မနည်း ဖမ်းဆီးခံရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ရေးဦးမြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်အောင်ဇေယျရပ်ကွက် နှင့် ရွှေပြည်သာရပ်ကွက်ရှိ ပြည်သူများကို အကြမ်းဖက် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှု ၄ ရက်တာအတွင်း အကြမ်းဖက် စစ်တပ်က အောင်မဂ်လာရပ်ကွက်မှ ပြည်သူ ၁၈ ဦးနှင့် ဗိုလ်အောင်ဇေယျနဲ့ ရွှေပြည်သာရပ်ကွက်တို့မှ ပြည်သူ ၇ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ရေဦးမြို့ပေါ်မှာ စစ်ခွေးတွေ ပေါ်တာဆွဲတာက ၁၀ ရက်နေ့ညတည်းက အောင်မင်္ဂလာ ရပ်ကွက်တစ်ခုတည်းကို လူငယ် ၁၈ ဦး ပါသွားတယ်။ အောင်မင်္ဂလာ ရပ်ကွက် အပါအဝင် ဗိုလ်အောင်ဇေယျနဲ့ ရွှေပြည်သာရပ်ကွက်တို့က ၄ ရက်တာ အတွင်း လူငယ် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်။ မြို့ပေါ်နေလူငယ်တွေကို ပေါ်တာဆက်ဆွဲနေပြီး နောက်ထပ် သင်တန်းဆက်ပေးဖို့ လူအင်အားစုနေတယ်လို့ သိရတယ်။ ရပ်ကွက်တွေထဲမှာလည်း မိသားစုဝင်တွေထဲက အိမ်ထောင်ရှိရှိ မရှိရှိ စစ်မှု မထမ်းမနေရ ပုံစံနဲ့ ယောကျာ်းသားမှန်သမျှ သင်တန်းတက်ရမယ်လို့ ပြောဆိုတာတွေရှိပြီး ဆန်၊ ဆီ၊ ပဲက အစ ထောက်ပံ့ပေးမယ်လို့ လိုက်စည်းရုံးနေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောဆိုသည်။

ရေဦးမြို့ပေါ်ရှိ ရပ်ကွက်တချို့တွင်လည်း စစ်သင်တန်းဆင်းထားသော လူငယ်တချို့ကို အကြမ်းဖက် စစ်တပ်က ပစ္စတို သေနတ်များ ပေးထားကြောင်း၊ ယင်းလက်နက် ကိုင်ဆောင်ထားသော လူငယ် တချို့က မြို့ပေါ် ရပ်ကွက်များတွင် ပြည်သူများ ခြိမ်းခြောက် ဆဲဆိုမှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၄၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး တချို့လည်း ဖမ်းဆီးခံရကြောင်း Freedom Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး မြင်းခြံမြို့ပေါ်ရှိ အမှတ် ၆ ရပ်ကွက်နှင့် အဝေးပြေး ကားဝင်းများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က တစ်ရက်ကို ပြည်သူ ၁၀ ဦးနှုန်းဖြင့် ဖမ်းဆီးနေခြင်းဖြစ်ပြီး နံနက်ပိုင်းများပါ လိုက်လံဖမ်းဆီးနေကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် လူငယ် အမျိူသားများ အပါအဝင် အမျိုးသမီးတချို့လည်း ဖမ်းဆီးခံရပြီး လူဦးရေ ၄၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

“သူကတော့ လူငယ်တွေ အဓိက ထားပြီး ဆွဲတယ်။ မြင်းခြံမြို့ပေါ် အမှတ် ၆ ရယ်။ မြင်းခြံမြို့ အဝေးပြေး ကားဝင်းရယ်။ အဲဒီမှာ အဓိက ဆွဲတယ်။ လက်ဖက်ရည်ဆိုင်တွေဆွဲတာပဲ အရင်က ညပိုင်းတွေပဲဆွဲတာ အခုက နံနက်ဘက်ပါ ဝင်ဆွဲနေတာ လူငယ်တွေကို ကားပေါ်ဆွဲ တင်သွားပြီး မောင်းပြေးတာ သေနတ်တွေလည်း ပါတော့ ဘယ်သူက ဝင်တားရဲမှာလဲ မြင်းခြံမြို့ပေါ်မှာ ဖြစ်နေတာ အမျိုးသမီး တချို့လည်း ဖမ်းခံရတဲ့ထဲ ပါတယ်။ လူဦးရေ ၄၀ ကျော်လောက်ရှိမယ်။ အရင်က မဲပေါက်တဲ့ လူငယ်တွေ ပိုက်ဆံနဲ့ ရွေးလို့ရတယ်။ အခုကျတော့ ပိုက်ဆံလည်းတောင်းတယ်။ လူလည်းဆွဲတယ်” ဟု Freedom Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြင်းခြံမြို့ပေါ်ရှိ လူငယ်များအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် တော်လှန်ရေး တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းလိုသူများကိုလည်း Freedom Fighter Guerrilla Force အဖွဲ့ အနေဖြင့် ကြိုဆိုသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပေါ်ဆွဲတာ ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ရန် လူငယ်များအနေဖြင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ထားသင့်ကြောင်း Freedom Fighter Guerrilla Force အဖွဲ့က အကြံပြုထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲကားများ ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article