ရန်ကုန်၊ ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံ ဘန်လင်းမြို့နယ် နခွန်ပထုန်ခရိုင်ရှိ ကားတာယာအလုပ်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၂၀၀ ကျော်က ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ၂ နှစ်တိုးရန် အလုပ်သမား တစ်ဦးလျှင် ဘတ် ၉၀၀၀ ကောက်ခံနေ၍ ဈေးနှုန်း သက်သာ မှန်ကန်ရေး ငြိမ်းချမ်းစွာ တောင်းဆိုနေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယခုဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်နေသော စက်ရုံများတွင် နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးရေး စျေးနှုန်းကြီးမြင့်နေမှုအပေါ် အလုပ်သမားများက ဈေးနှုန်း သက်သာ မှန်ကန်စွာ ရရှိရေး၊ အမြတ်ကြီးမစားရေးအတွက် တောင်းဆိုဆန္ဒပြမှုများ တောက်လျှောက် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ ကားတာယာအလုပ်ရုံက နိုင်ငံတကာကို ပစ္စည်းတင်ပို့နေသည့် အလုပ်ရုံကြီးဖြစ်ကာ နေထိုင်ခွင့် သက်တမ်းတိုးမည့် မြန်မာအလုပ်သမား လူဟောင်းများကို ဈေးနှုန်းကြီးမြင့်စွာ ကောက်ခံနေသည်ကို သည်းမခံနိုင်တော့၍ မျှတသည့် ဈေးနှုန်းထားပေးရန် ဆန္ဒပြ တောင်းဆို ညှိနှိုင်းရခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။
“စက်ရုံက ကားတာယာအလုပ်ရုံဖြစ်ပါတယ်။ မြန်မာအလုပ်သမာ လူဦးရေ ၁၂၀၀ ကျော်ရှိတဲ့ အလုပ်ရုံကြီးဖြစ်ပါတယ်။။ Work permit ၊ Visa ၂ နှစ် သက်တမ်းတိုးကို တစ်ဦးကို ၉၀၀၀ တောင်းနေတဲ့အတွက် အလုပ်သမားတွေက ညှိနှိုင်းပေးဖို့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ လုပ်ပေးစေချင်တယ်။ အခုလောလောဆယ်တော့ သူတို့ နေထိုင်ခွင့်အထောက်အထားတွေကို တာဝန်ယူထားတဲ့ ဒီ အေဂျင်စီတွေ၊ ပွဲစားတွေကတော့ လျှော့မပေးသေးဘူး ပြောတယ်။ ကျွန်တော်တို့ကတော့ အလုပ်သမားတွေ လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ ဘေးကနေ ဆောင်ရွက်ပေးနေပါတယ်” ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်းနိုင်ငံတွင်း စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ Work Permit နှင့် Visa သက်တမ်းတိုးကို သတ်မှတ်ဈေးထက် အဆမတန်ပိုမိုတောင်းခံနေသည့်အတွက် မြန်မာအလုပ်သမားများက စက်ရုံအလုပ်ရုံများတွင် ဆန္ဒပြတောင်းဆိုသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေရာ အများစုမှာ အောင်မြင်မှုများရရှိနေကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထိုင်းနိုင်ငံ ချွန်ဘူရီ၊ လယောင် နိခွန်ဖက်ထနာရှိ စတီးစက်ရုံရှိ မြန်မာအလုပ်သမား ၈၀ ကျော်ကလည်း အလုပ်သမားနေထိုင်ခွင့် သက်တမ်းတိုးရေး တစ်ဦးလျှင် ဘတ် ၁၃၀၀၀ ကောက်ခံနေ၍ ဆန္ဒပြတောင်းဆိုခဲ့ပြီး အလုပ်ရုံပွဲစားက ဘတ် ၇၅၀၀ ဖြင့် ဈေးနှုန်းပြန်လျှော့ပေးခဲ့၍ အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြောင်းကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ပြောပြသည်။
ထို့အတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ ထိုင်းနိုင်ငံ ဖိချဘွန်မြို့နယ်ရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်က နေထိုင်ခွင့်သက်တမ်းတိုးအတွက် တစ်ဦးလျှင် ဘတ် ၁၁၅၀၀ တောင်းခံနေမှုကို ဆန္ဒပြတောင်းဆိုခဲ့ကြရာ ဆွေးနွေးညှိနှိုင်းပြီးနောက်တွင် တစ်ဦးလျှင် ဘတ် ၆၀၀၀ ဖြင့် သက်တမ်းတိုးခွင့်ရရှိခဲ့ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်းက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ သက်တမ်းတိုးနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး စျေးနှုန်းကြီးမြင့်မားလာမှုမှာ ဘန်ကောက်ရှိ စစ်ကောင်စီမြန်မာသံရုံးက အခွန်များ တိုးမြှင့်ကောက်ခံလာခြင်း၊ မလိုအပ်ဘဲ သက်တမ်းတိုးရေး လုပ်ငန်းစဉ်များတွင် ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ အဆင့်များစွာ တိုးမြှင့်လာခြင်းကြောင့် အဓိကဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar