ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်ဘက်မှ AA နှင့် PDF များ ဝင်ရောက်မှု မရှိစေရေးနှင့် စိမ့်ဝင်မှု မရှိစေရေးအတွက် ရခိုင်ရိုးမနှင့်ဆက်စပ်နေသော ဧရာ၀တီတိုင်းမြို့နယ်များအားလုံးတွင် စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်နေကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ထွေ/အုပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ယခုရက်ပိုင်းအတွင်း ဧရာ၀တီတိုင်းတွင် အဆိုပါ လုံခြုံရေး သတိပြုရန် အထူး ညွှန်ကြားချက်များ ထွက်ရှိလာခြင်းဖြစ်ပြီး ဂွမြို့နယ်၊ ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိသော ငါးသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာ၊ ရေကြည်၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် လုံခြုံရေး တင်းကျပ်မှုများ ဆောင်ရွက်ရန်၊ စစ်ဘေးရှောင်များကို အထူး တင်းကျပ်စွာ စိစစ်ရန်၊ ဂိတ်အဝင်အထွက်များကို တင်းကျပ်စွာ စစ်ဆေးရန် ၊ အထူးသဖြင့် လက်နက်ခဲယမ်း သယ်ယူမှုများမရှိစေရေး ဆောင်ရွက်ပြီး ရခိုင်ဘက်သို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ မရောက်ရှိအောင် တင်းကျပ်စွာ ဆောင်ရွက်ရန်လည်း စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။
ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ဧရာဝတီတိုင်းအတွင်း တိုင်းစစ်ဌာန – ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး မဟာမိတ် EROs များနှင့် လက်တွဲ၍ ဧရာဝတီ တိုင်းအတွင်း တိုက်ပွဲများ ဝင်ရောက်နေပြီဖြစ်ကြောင်း ၊ တိုင်းစစ်ဌာန – ဧရာဝတီ PDF အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုနှင့် ပြည်သူ့ဘက်တော်သား စစ်သည်တော်များနှင့် အတူ စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုင်းစစ်ဌာန – ဧရာဝတီ အနေနှင့် မဟာမိတ် EROs များနှင့် အတူ လက်တွဲ ပူးပေါင်း၍ ဧရာဝတီမြေအတွင်း ထိုးဖောက်ဝင်ရောက် တိုက်ပွဲဝင်လျက်ရှိကြောင်း အဆိုပါစစ်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ ဧရာ၀တီတိုင်းစစ်ဌာန ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့်လည်း မိမိတို့၏ ရပ်ရွာများအတွင်း AA နှင့် PDF များ ဝင်ရောက်လာခြင်းမရှိစေရေး အထူးသတိပြုကြရန်လည်း နယ်မြေခံတပ်ရင်းများသို့ သတိပေး နှိုးဆော်နေကြောင်း သိရှိရသည်။
ထို့ပြင် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် ထွေ/အုပ်၊ စည်ပင်ဝန်ထမ်းများ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မလိုအပ်သည့်နေရာများတွင် ယူနီ ဖောင်းဝတ်ဆင်ခြင်းမပြုလုပ်ရန် ညွှန်ကြားထားကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။
ပုသိမ်မြို့ အပါအဝင် ဧရာ၀တီတိုင်းအတွင်းသို့ PDF များ ပြန့်နှံ့ဝင်ရောက်လာပြီဆိုသော သတင်းများရရှိထားပြီး ယင်းသို့ ရရှိထားသည့်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် အထူးသတိထားကြရန်၊ မိမိဌာနနှင့်ရုံးများ၏ လုံခြုံရေးကို အထူးသတိပြုကြရန်၊ ဌာနဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရာတွင် မလိုအပ်သည့်နေရာများတွင် ဝန်ထမ်း ယူနီဖောင်းများ ဝတ်ဆင်ခြင်းမပြုကြဘဲ လုံခြုံရေး အသိ၊ လုံခြုံရေး သတိဖြင့် သွားလာကြရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
“ခရီးသွားလာတာတွေ သတိထားဖို့၊ မလိုလားအပ်တဲ့နေရာတွေမှာ ယူနီဖောင်းဝတ်သွားလာတာတွေ မလုပ်ဖို့၊ ဝန်ထမ်းကတ်တွေကို ခရီးဝေးသွားတဲ့အခါမှာ ထားရစ်ဖို့ လုံခြုံရေး သတိပြုဖို့ ဌာနတွင်း ညွှန်ကြားတာပါ” ဟု ပုသိမ်မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်အာဏာသိမ်းပြီးနောက် ဖျာပုံမြို့အဝင်တွင် စစ်ဆေးရေးဂိတ်ချထားပြီး လုံခြုံရေးတင်းကျပ်ထားစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar