ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် အေးကျော် ဦးဆောင်ပြီး လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ထွက်ပြေးသည့် လူငယ်များကို လက်ထိပ်ခတ်၍ စစ်သားများကို ရိုက်နှက်ခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မိုးညိုမြို့၊ မြို့မရပ်ကွက်မှ လူငယ် ၃ ဦးကို ရွှေဥဒေါင်းရပ်ကွက် ဝေဇန္တရာ ဘုန်းကြီးကျောင်းတွင်နေထိုင်သော ပျူစောထီး ခေါင်းဆောင် အေးကျော်နှင့် အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် ဖမ်းဆီးစဉ် လူငယ် ၃ ဦးမှာ ထွက်ပြေးရန် လုပ်ဆောင်ခဲ့ပြီး ၁ ဦးမှာ လွတ်မြောက်သွားသော ကျန် ၂ ဦးကို အေးကျော်နှင့် စစ်သားများက ဖမ်းဆီးခဲ့ကြောင်း၊ ထွက်ပြေးရန် လုပ်ဆောင်ခဲ့သည့် ကိုဇော်မင်းထွန်းနှင့် ကိုဇင်ကို တို့ကို အကြမ်းဖက် စစ်သားများက လက်ထိပ်ခတ်၍ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်သားများက ဝိုင်းဝန်း ရိုက်နှက်နေစဉ် ကိုဇော်မင်းထွန်းသည် ဝက်ရူးပြန် ရောဂါ ထဖောက်၍ စစ်သားများက ပြန်လွှတ်ပေးခဲ့ပြီး ကိုဇင်ကို တစ်ဦးကိုသာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
အလားတူ ပျူစောထီး ခေါင်းဆောင် အေးကျော်သည် မြို့ပေါ်မှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၃၀ ထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။
“မိုးညိုမြို့ပေါ်မှာ ပျူစောထီး ခေါင်းဆောင် အေးကျော်နဲ့ စစ်ခွေး သောင်းကျန်းနေတယ်။ ၁၈ ရက်နေ့ လူငယ် ၃ ဦးကို ပေါ်တာဆွဲပြီး ထွက်ပြေးလို့ဆိုပြီး ဝိုင်းရိုက်ကျတာ ၁ ဦးကတော့ လွတ်သွားတယ်။ ကျန် ၂ ဦးကတော့ အပြင်းအထန်ကို ရိုက်ခံရတယ်။ လက်ထိပ်ခတ်ပြီးကို ရိုက်ကျတာ မြို့ပေါ်မှာနေတဲ့ လူငယ် ၃၀ ထက်မနည်းလည်း ဖမ်းဆီးခံထားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
Photo – မိုးညိုမြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီးခေါင်းဆောင် အေးကျော်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar