18 C
Yangon

စလင်းတွင် တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို PDF တပ်ဖွဲ့က လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ်က စန်းကလေး မြောက်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ

Must read

စလင်းတွင် တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို PDF တပ်ဖွဲ့က လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ်က စန်းကလေး မြောက်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်း သေဆုံးပြီး အထိနာနေသော စစ်တပ်က စန်းကလေး မြောက်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရှိ ကျေးရွာများကို ကပစ ၂၁ ၊ ချောက် ၊ ဆိပ်ဖြူ နှင့် ပခုက္ကူတပ်မ ၁၀၁ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂ဝဝ ဝန်းကျင်ခန့်က ကပစ ၂၁ နှင့် ကပစ ၂၅ ကို သွယ်တန်းထားသော မီးလိုင်းများ ပြတ်တောက်မည် စိုးရိမ်သောကြောင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ ၅ ရွာကျော်ကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းအားလုံးကို ခိုးယူခြင်း၊ စစ်ရှောင်ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက စစ်တပ်စစ်ကြောင်း သွားလာရာ လမ်းတစ်လျှောက်ကို လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စန်းကလေး မြောက်ရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ကျေးရွာအတွင်း နေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် ပြာကျကာ နေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ပတ်ကျော်ကြာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကပစ ၊ တညောင်က EPC ရုံး နှင့် ဆိပ်ဖြူဘက်ကို စစ်ကြောင်းများခွဲ၍ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ဒီနေ့ မနက်ပိုင်းတော့ စစ်ခွေးတွေ ပြန်ဆုတ်သွားတယ်။ ကပစ ထဲ ပြန်ဝင်တာရှိတယ်။ တညောင်က EPC ရုံးမှာ ကျန်ခဲ့တာရှိတယ်။ ဆိပ်ဖြူဘက်ကို ပြန်တာတွေရှိတယ်။ ခွဲသွားတာပေါ့။ ခွေးအသေစာရင်းက ကျွန်တော် ထင်တယ် ၅ဝ ၀န်းကျင်လောက်ရှိမယ်။ ခန့်မှန်းခြေပေါ့။ ဘာဖြစ်လို့လည်းဆို ကျွန်တော်တို့ မိုင်းဆွဲတာ ရှိမယ်။ ကျွန်တော်တို့ အဖွဲ့တွေပေါင်းပြီးတော့ ဒရုန်းချတာတွေရော လက်နက်ကြီးနဲ့ ထိတာတွေရောရှိတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူပိုင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများကိုလည်း ကားပေါ်တင်၍ ကပစ ၂၁ နှင့် ဆိပ်ဖြူမြို့နယ်ဘက်ကိုလည်း ခိုးယူသွားကြောင်း သိရသည်။

“စစ်ခွေးတွေ နေအိမ်ထဲက ပစ္စည်းတွေကိုလည်း ဝင်ယူတာတွေရှိတယ်။ ကားတွေရှိမယ် ပဲ၊ နှမ်း၊ သီးနှံတွေရှိမယ်။ အိမ်ထဲက တန်ဖိုးကြီး ပစ္စည်းပေါ့။ အီလက်ထရောနစ်ပစ္စည်းက အစ သူတို့ ကားတွေနဲ့ သယ်သွားတာတွေရှိတယ်။ ရွာတော်တော်များများက ပစ္စည်းတွေကို ခွေးတွေက ခိုးသွားတာ အားလုံးပေါင်း ၅ ရွာလောက်တော့ရှိမယ်။ ကျွန်တော်တို့ တစ်ချို့ရွာတွေဆိုရင် သူတို့ ၂ ခေါက် ၃ ခေါက်တိုက်တာတွေရှိတယ်။ သွားတာကတော့ ဆိပ်ဖြူဘက်ကိုသွားတာ ပြီးရင် ကျွန်တော်တို့ လိုက်ရ သလောက်ပေါ့။ ကပစ ၂၁ ကိုတော့ ၃ စီးလာပို့တယ်လို့ပြောတယ်။ အဓိက တန်ဖိုးကြီးတဲ့ဟာတွေ ရေခဲသေတ္တာတို့ ထမင်းပေါင်း ကအစ ဟင်းချက်တဲ့ ဒယ်နီအိုးပါ မကျန် အကုန်လုံးကို ခိုးယူ လုယက်သွားတာ” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article