26 C
Yangon

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီး ဗိုလ်မှူးချုပ်အဆင့် စစ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးရရှိမှု တော်လှန် ပြည်သူတစ်ရပ်လုံး၏ အောင် မြင်မှုဟု AA က ကြေညာ

Must read

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီး ဗိုလ်မှူးချုပ်အဆင့် စစ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးရရှိမှု တော်လှန် ပြည်သူတစ်ရပ်လုံး၏ အောင် မြင်မှုဟု AA က ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် စကခ ၁၅ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကဲ့သို့သော စစ်ခေါင်း ဆောင်များကို ဖမ်းဆီးရရှိမှုမှာ တော်လှန် ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုဖြစ်ကြောင်း AA က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန် ကြေညာသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် အာရက္ခဒေသ အမ်းမြိုနယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုကြောင့် အမ်းမြိုနယ်တစ်ခုလုံးကို ယနေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော ၁၄ မြို့ မြောက် မြို့ ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ၊ ယခုအခါ အမ်းမြို့၊ ပလက်ဝမြို့ ၊ ပေါက်တောမြို့ ၊ မင်းပြားမြို့ ၊ မြောက်ဦးမြို့ ၊ ကျောက်တော်မြို့ ၊ မြေပုံမြို့ ၊ ပုဏ္ဏားကျွန်းမြို့ ၊ ရမ်းဗြဲမြို့ ၊ ရသေ့တောင်မြို့ ၊ ဘူးသီးတောင်မြို့ ၊ သံတွဲမြို့ ၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ကို စုစုပေါင်း ၁၄ မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဂွမြို့၏ သုံးပုံ နှစ်ပုံကိုလည်း AA က သိမ်းပိုက်ရရှိထားပြီး ဂွမြို့ ကို အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း AA က ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် ၃ မြို့သာ ကျန်ရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့်များမှာ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာမဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊ မဟာမိတ်အဖွဲအစည်း များ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေတချို့တို၏ ဝန်းရံပံ့ပိုးမှုများကြောင့် ဖြစ်သည်ကို အမြဲနှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်သော အဖွဲအစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်အပ်ကြောင်း AA က ကြေညာသည်။

စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင် ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝတို ပေးဆပ်စွန့်လွှတ် အနစ်နာခံမှု၊ အာရက္ခဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို နှစ်ရှည်လများ အတူတူရင်ဆိုင် ခါးစည်းခံရပ်တည်မှုများကလည်း များစွာ အထောက်အကူပြုခဲ့သောကြောင့် အောင်မြင်မှုအသီးအပွင့်နှင့် ဆက်စပ်ပတ်သက်နေသော သူများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော်မှ အထူးအလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း AA က ဆိုသည်။

ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြသော တော်လှန်ရေးအဖွဲအစည်းများ၊ တော်လှန်သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုအဖြစ် မျှဝေဂုဏ်ပြုအပ်ကြောင်း AA က ကြေညာချက်ထုတ်ပြန်ထားသည်။

(မှတ်ချက်- စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ချိန် ဗိုလ်မှူးချုပ် ရာထူးပုံများနှင့် AA က ဖမ်းဆီးပြီးနောက် စစ်သုံ့ပန်းဖြစ်လာသော ပုံများကို ပြည်သူများ ယှဉ်တွဲ ကြည့်ရှုနိုင်ရန် Before & After ပုံများအဖြစ် နှိုင်းယှဉ်ဖော်ပြလိုက်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article