22 C
Yangon

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆက်တိုက် ငွေညှစ်မှုများဖြစ်ပေါ်နေ

Must read

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆက်တိုက် ငွေညှစ်မှုများဖြစ်ပေါ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းတွင် ကျင်းပနေသည့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများသည် လူငယ်များကို တပ်သားသစ်များအဖြစ် ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးသည့် ပစ်မှတ်နေရာများဖြစ်လာကြောင်း ထွေ/အုပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ ရန်ကုန်ခေတ်သစ် သတင်းဌာနက စုံစမ်းသိရှီရသည်။

၂၀၂၅ ခုနှစ် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများကို လာရောက်မည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ် ဆောင်ရန်ရှိနေပြီး မကြာသေးမီက စမ်းချောင်းတွင် ကျင်းပခဲ့သည့် စျေးရောင်း ပွဲတော်၊ ရေကျော်တွင် ပြုလုပ်ခဲ့သည့် စျေးရောင်းပွဲတွင် လူငယ် ၅၀ ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီး အဆိုပါ လူငယ်များမှာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၈ တွင် တက်ရောက်နေပြီဖြစ်ကြောင်း၊ အဆိုပါ ပွဲစျေးနှင့် ပျော်ပွဲရွှင်ပွဲများတွင် ရဲများ၊ ထွေ/အုပ်နှင့် စစ်တပ် သတင်းပေး ဒလန်များက လုံခြုံရေးယူကာ မူးယစ်သူ လူငယ်များ၊ ခိုက်ရန်ဖြစ်ပွားသော လူငယ်များ၊ အခြေမဲ့ အနေမဲ့ လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် အပတ်စဉ် ၉ စစ်မှုထမ်း သင်တန်းအတွက် လူပြည့်မီရန် ပေါ်တာဆွဲမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ပြီး အပတ်စဉ် ၈ စစ်မှုထမ်း သင်တန်းတွင်လည်း လူပြည့်မီခြင်း မရှိခြင်းကြောင့် ပေါ်တာဆွဲ ဖမ်းဆီးမှု အများအပြား လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

” အပတ်စဉ် ၉ နဲ့ အပတ်စဉ် ၁၀ အတွက် လူကြိုတင် စုဆောင်းခိုင်းနေပါတယ်။ စျေးရောင်းပွဲတွေမှာ ခိုက်ရန်ဖြစ်ပွားတာ၊ မူးယစ်ရမ်းကားတဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းမယ့် စီမံချက်လည်းရှိပါတယ်။ ” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ ရန်ကုန်မြို့လယ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ လမ်းမတော်ပွဲဈေးကို လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပလျက်ရှိပြီး စစ်တပ်၊ ရဲနှင့် ပျူစောထီးများက အရပ်ဝတ်များဖြင့် လှည့်လည် လုံခြုံရေးယူလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများအပြင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်လျှင် ၂ လ တစ်ခါ ငွေကျပ် ၆၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒဂုံဆိပ်ကမ်းမြို့နယ် ၉၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့က စစ်မှူထမ်း အတွက်ဆိုပြီး ၂ လ တစ်ခါ စစ်မှုထမ်ကြေးနဲ့ ကင်းကြေးဆိုပြီး တစ်အိမ်ကို ငွေကျပ် ၆၀၀၀၀ ကောက်ပါတယ်။ ပြည်သူတွေမှာ အဆင်မပြေရတဲ့ကြားထဲ ဟိုဟာကြေး ဒီဟာကြေးဆိုပြီး လိုက်ကောက်တာတွေလည်း ရှိသေးတယ်။ သူတို့လုပ်ချင်တာတွေလုပ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နှင့် ရွှေတောင်မြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးမှူးများကလည်း စစ်မှုထမ်း ထောက်ပံ့ကြေး ဟုဆိုကာ တစ်အိမ်လျှင် လစဉ် ငွေကျပ် ၁၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း သိရသည်။

သာယာဝတီမြို့နယ်၊ ဂရံသာယာအေးကျေးရွာတွင် စစ်မှုထမ်း ထောက်ပံ့ကြေး ဟုဆိုကာ လစဥ် တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဘဏ္ဍာရေးမှူး စစ်မှုထမ်းဟောင်း မသန်စွမ် အေးကြည် ၊ အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်လင်း၊ မောင်ဦးတို့ ပူးပေါင်း၍ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း ၊ ၎င်းတို့ တောင်းခံသော ငွေကြေး ပေးနိုင်ခြင်းမရှိသူများကို စစ်တပ်နှင့်ရဲများ ခေါ်ဆောင်လာပြီး ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၊ ရှားတိုင်းအုပ်စု အုပ်ချုပ်ရေးမှူး လှဟန်က စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ငွေကြေး ကောက်ခံမှုများရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ကျင်းပလျက်ရှိသည့် လမ်းမတော်ပွဲစျေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article