ရန်ကုန်၊ ဒီဇင်ဘာ ၃၁
အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်ရေးသည် မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ အကြား စုစည်းညီညွတ်မှု ခိုင်မာအားကောင်းမှုအပေါ်၌ မူတည်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်း တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
” စစ်အာဏာရှင်စနစ်ကို ချေမှုန်းသုတ်သင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးဟာ မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေး မဟာဗျူဟာနှင့် တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှု ခိုင်မာအားကောင်းမှုအပေါ်မှာ အများကြီး မူတည်နေတာဖြစ်ပါတယ်” ဟု NUG အစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
NUG အစိုးရ အနေဖြင့် ချင်းအမျိုးသားများ၏ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဥ်တွင် ဝိုင်းဝန်းအားဖြည့်ကူညီရန် အမြဲအသင့်ရှိနေကြောင်း၊ ချင်းအမျိုးသားများ ပေါင်းစည်းညီညွတ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုလည်း အသိအမှတ်ပြုလိုပါကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုအတွက် အမြန်ဆုံး အောင်မြင်နိုင်ရန် ဆန္ဒပြုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့သည်။
ချင်းတော်လှန်ရေးသမိုင်းသည် အတိတ်က အစဉ်အလာနှင့် တည်ဆဲပစ္စုပ္ပန်ကို ပေါင်းစည်းနိုင်သော အသွင်အပြင်ကို အပြည့်အဝ တွေ့မြင်ရကြောင်း၊ အတိတ်သမိုင်းမှ ဆင်းသက်သော စုစည်းညီညွတ်မှု အခြေခံအုတ်မြစ်အပေါ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးသည် အမွေခံနိုင်ခဲ့ပြီး လက်ရှိ ပစ္စုပ္ပန်ကာလတွင်လည်း လက်တွေ့ကျသော စုဖွဲ့မှုနှင့် အလုပ်ဖြစ်သော တပ်ပေါင်းစုအသွင်ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်နဲ့ ပထဝီအားဖြင့် ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ် (အာရက္ခဒေသ) အပါအဝင် မြေလတ်ဒေသနဲ့ ပြည်မနယ်တွေအထိပါ စစ်ရေးချိတ်ဆက်မှု အလှမ်းမှီအောင် လုပ်ဆောင်နိုင်ခြင်းသည် နွေဦးတော်လှန်ရေးအတွက် အဓိက အင်အားတစ်ခုဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးနည်းလမ်းအရ ဖြိုဖျက်သည့် နေရာတွင် စစ်မျက်နှာပေါင်းစုံမှ တော်လှန် တိုက်ထုတ်နေကြကြောင်း၊ တော်လှန်တိုက်ထုတ်တဲ့နေရာတွင် ချင်းညီနောင်သည် နိုင်ငံတစ်ခုလုံး၏ အနောက်မြောက်ဘက်ဧရိယာများကို စိုးမိုးထိန်းချုပ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များကို တော်လှန် ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးတွင် ထိရောက်သော စစ်ရေးတာဝန်များကို အပြည့်အဝ ကွပ်ကဲနိုင်ခြင်းဆိုသည့် ပြယုဂ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောဆိုသည်။
“ဒီနေ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဖက်ဒရေဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် ဒီနွေဦးတော်လှန်ရေးမှာ ချင်းလူမျိုးများက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင် တိုက်ပွဲဝင်နေကြတာ အားလုံးလက်တွေ့မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ အဆင့်တစ်ဆင့်ကို ထပ်မံကူးပြောင်း တက်လှမ်းနေတဲ့ ဖြစ်စဉ်ထဲကို ရောက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေး အောင်မြင်နိုင်ဖို့နဲ့ ချင်းပြည်နယ်အတွင်း စစ်အာဏာရှင် စစ်တပ်များ ကင်းစင်စေရေးအတွက် ချင်းလူမျိုးများ အချင်းချင်းအကြား သော်လည်းကောင်း၊ ချင်းလူမျိုးများနှင့် နီးစပ်သော အိမ်နီးချင်းလူမျိုးများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအကြား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်ဖို့ တိုက်တွန်းအပ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ချင်းပြည်နယ်သည် ပထဝီအနေအထားအရ စစ်ရေး – နိုင်ငံရေး စည်းနှောင်မှု အကန့်အသတ်များ ကြားထဲမှ ညီညွတ်သော မဟာမိတ်ညီနောင်အဖြစ် ဖွဲ့စည်းနိုင်ရန် အတွက် ချင်းညီနောင် ဖွဲ့စည်းမှု အပေါ် လှိုက်လှဲစွာ ဂုဏ်ယူမိကြောင်း၊ ချင်းညီနောင် ဖွဲ့စည်းမှုသည် တစ်နှစ်တိတိ ပြည့်မြောက်ပြီ ဖြစ်ပြီး အချိန်တိုအတွင်း ချင်းညီနောင်သည် ချင်းပြည်နယ်တွင် စစ်ရေးအရ ရွပ်ရွပ်ချွန်ချွန် တော်လှန်ခဲ့သော စစ်ရေးရလဒ်များကို အပီအပြင် ပြသနိုင်ခြင်းဖြစ်ပြီး အံ့ဩဝမ်းသာဖြစ်မိကြောင်း၊ ထို့အတူ ချင်းညီနောင်၏ အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ မင်းတပ် CDF သည် တူးမီးကိုင်လူငယ်တွေနှင့် ယာဥ်တန်း ၆ စီးပါ စစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုကို ပထမဦးဆုံး နှိမ်နင်းတိုက်ခိုက်ခဲ့ပြီးတော့ “ရန်သူ့လက်နက် မိမိလက်နက်” ဖြစ်အောင် နွေဦးတော်လှန်ရေးကို နှိုးဆော်ပေးခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ ရရာ တူးမီးသေနတ်များ နှင့် စတင်လာခဲ့သော တော်လှန်ရေးသည် ယနေ့တွင် ပိုမိုပြည့်စုံသော တော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ထိုသို့ အောင်မြင်မှု ရရှိလာအောင် ဦးဆောင်နိုင်ခဲ့သော ဦးဆောင်သူ အယောက်စီတိုင်းကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်း ယာယီသမ္မက အခမ်းအနားတွင် ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar