ရန်ကုန်၊ ဇန်နဝါရီ ၂
မကွေးတိုင်း၊ မြစ်ခြေမြို့ စဘေရွာတွင် အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် တပ်စွဲထားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့နေကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေမြို့နှင့် ကမ္မမြို့ အစပ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က ရိက္ခာပို့ စစ်ကြောင်းများ ဖြတ်သန်းသွားလာနိုင်ရန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းက ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ချိုင်ရွာကို မီ့းရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ဇန်နဝါရီလ ၁ ရက်နေ့တွင် စဘေရွာကို ထပ်မံ မီးရှို့ကာ လက်ရှိချိန်ထိ စဘေရွာတွင် တပ်စွဲထားဆဲဖြစ်ကြောင်း သိရှိရသည်။
ယင်း စစ်ကြောင်း၏ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မြစ်ခြေမြို့ အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၅ ဦး သေဆုံးကာ ပြည်သူ ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိချိန်အထိ မြစ်ခြေမြို့အနီး ကျေးရွာများဖြစ်သော အင်၀ိုင်း၊ မုန်းနတ်ကုန်း၊ ထန်းတောချောက်၊ ဖက်ပင် ၊ မုန့်ကုန်၊ ပန်းချီစု၊ သန်ဇင့်၊ သရက်တော၊ တိုးချဲ့ ၁၂၃ ၊ ကြက်လျာ၊ ရွာသာအေး၊ ဆွဲကြီး၊ အိုးဘို အပါအဝင် ကျေးရွာ ၁၃ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ ယာဉ်တန်းက အောင်သာပျူစောထီးရွာတွင် ရောက်နေပြီး ပခုက္ကူမြို့နယ်နှင့် ထိစပ်နေသော ဆိပ်ဖြူ ကပစ ၂၁ တွင်လည်း ကျောက်ထု အမြောက်တပ်မှ စစ်တပ် မိသားစုဝင်များကို ရဟတ်ယာဉ်ဖြင့် လာရောက်ပို့နေကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ရောက်တဲ့နေတည်းက ၂ ရက်ဆက်တိုက် မီးရှို့တာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ပြီး ရွာထဲမှာထိုင်နေတာ နောက်ပြီး ဆိပ်ဖြူ ကပစ ၂၁ ထဲကို ကျောက်ထုက စစ်တပ် မိသားစုဝင်တွေကို ရဟတ်ယာဉ်နဲ့ ပို့နေတယ်။ သူတို့ကို ပခုက္ကူမြို့ထဲက ၁၀၁ ထဲကို ပို့မယ်လို့လည်း သတင်းတွေရနေတယ်။ အဲတော့ စစ်ခွေးတွေက ရိက္ခာတန်းနဲ့ အဲမိသားစုဝင်တွေကို သွားခေါ်ချင်တယ်လို့ထင်တယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် စဘေရွာသည် ပျက်စီးမှုများပြားနိုင်ပြီး လက်ရှိချိန်တွင် စစ်ကောင်စီ တပ်သားများ တပ်စွဲထား၍ ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ – စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar