ရန်ကုန်၊ ဇန်နဝါရီ ၂
ကမ္ဘောဇဘဏ်စာရင်းများနှင့် ချိတ်ဆက်ထားသော KBZ Pay ခေါ် K Pay အကောင့်များမှ အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ငွေများ ခိုးခံရခြင်းများ ဖြစ်ပေါ်ပြီးနောက် KBZ Pay အကောင့်များမှ ငွေများကို ပြည်သူများက ပြန် လည်ထုတ်ယူမှုများပြားလျက်ရှိသဖြင့် အကောင့်တစ်ခုလျှင် ငွေကျပ် ၁၀ သိန်းသာ ကန့်သတ်ထုတ်ပေးတော့ကြောင်း သာကေတ မြို့နယ် မင်းနန္ဒာလမ်းရှိ KBZ ဘဏ်မှ ဝန်ထမ်းတချို့ထံမှ သိရှိရသည်။
” ဒီနေ့ ကမ္ဘောဇဘဏ် မှာ K pay ကနေ ငွေသွားထုတ်တော့ ၁၀သိန်းပဲ ထုတ်ပေးတယ်။အကောင့်တခုကို တရက် သိန်း၅၀ထုတ်ယူခွင့်ရှိတာကို ထုတ်မပေးဘူး။လာထုတ်သူများလို့ ဆိုပြီး ထုတ်မပေးလိုက်ဘူး ။ လာလွဲ ရင်တော့ အကုန်လက်ခံတယ် ။ “ ဟု အဆိုပါ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းရှိ KBZ ဘဏ်မှ ငွေသွားထုတ်ခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
KBZ Pay ထံမှ ငွေကြေးခိုးယူခံရမှုများ နှင့် ပတ်သက်ပြီး KBZ Pay စင်တာသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိကြောင်း ၊ ဆုံးရှုံးငွေ ကြေးများလည်း ပြန်လည်မရရှိသေးကြောင်း ထောက်ကြန့်မှ ကုန်စုံဆိုင်ရောင်းချသူ တစ်ဦးကဆိုသည်။
ဒီဇင်ဘာလနှောင်းပိုင်းအတွင်း အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိသောကြောင့် ငွေများ ဆုံးရှုံးနေကြောင်း ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။
ကမ္ဘောဇဘဏ်ငွေစာရင်း အကောင့်များနှင့် ချိတ်ထားသော K Pay အကောင့်များသည် အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ဘဏ်အကောင့်မှ ငွေများကို K Pay အတွင်းသို့ အလိုအလျောက် လွှဲပြောင်းပြီးနောက် အခြားမသိသော K Pay အကောင့်များသို့ လွှဲပြောင်းခြင်းများ ဖြစ်ပေါ်ပြီး ငွေများ ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အော်ရီဒူးဖုန်းနံပါတ်ဖြင့် ဖွင့်ထားသော K Pay အကောင့်များ ထိုသို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
KBZ Pay စင်တာကမူ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မေးမြန်းချက်နှင့်ပတ်သက်၍ အီးမေးလ်ပို့ပေးရန်သာ ပြောဆိုခဲ့ပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ ။
ဇန်နဝါရီလ ၁ ရက်နေ့ KBZ Pay ၏ ကြေညာချက်တွင် လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း အသိပေးအပ်ကြောင်း၊ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံရသည့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးအရေးယူမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ရန်ကုန်မြို့ KBZ ဘဏ်တွင် ငွေထုတ်ရန် တန်းစီနေသူများ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar