31 C
Yangon

အိမ်မဲတွင် အုပ်ချုပ်ရေးမှူး ပြုံးချိုက လစဉ် စစ်မှုထမ်း လူစားထိုးမှု အတွက် စစ်တပ်ထံသို့ တစ်လ ကျပ်သိန်း ၁၂၀ ပေးရသည်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေ ငါးသောင်း ကောက်ခံ ၊ ကြံခင်းတွင်လည်း အုပ်ချုပ်ရေးမှူး နိုင်ကြီးက စစ်မှု ထမ်းကြေး တစ်အိမ်ထောင်လျှင် ၂ သိန်း တောင်းယူ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်၊ လူကောင်းကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ပြုံးချိုက စစ်မှုထမ်း လူစားထိုးရန် အကြမ်းဖက် စစ်တပ်ကို တစ်လလျှင် သိန်း ၁၂၀ ပေး၍ လူစားထိုးဝယ်ရသည်ဟု ဆိုကာ ပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၉ အတွက် အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းကျေးရွာ ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူး ပြုံးချိုသည် စစ်မှုထမ်းကြေးဟုဆိုကာ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ငါးသောင်း နှုန်း တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တောင်းခံခြင်းမှာ ကျေးရွာအတွင်း စစ်မှုထမ်းမည့်သူ မရှိ၍ စစ်တပ်ထံမှ ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို အစားထိုး ဝယ်ယူရခြင်းဖြစ်ကြောင်း၊ စစ်တပ်ထံသို့ လူစားထိုးကြေး ၁ လလျှင် သိန်း ၁၂၀ ပေးဆောင်ရသည့် အတွက် ငွေကြေး ပြန်လည် ကောက်ခံခြင်းဖြစ်သည်ဟု ၎င်းက ကျေးရွာပြည်သူများကို အစည်းအဝေး ခေါ်ယူ ပြောဆိုခဲ့သည်။

ပြုံးချိုသည် ၎င်းတောင်းခံသော ငွေကြေးမပေးသူများကို ရပ်ကွက် ထောက်ခံစာ ပြုလုပ်မပေးခြင်း၊ ဧည့်စာရင်း တိုင်ကြားခွင့်မပေးခြင်းနှင့် ပိုက်ဆံမပေးသည့် နေအိမ် စာရင်းများကို မှတ်ထားပြီး မြို့နယ်သို့ ပို့ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကျေးရွာအတွင်းမှာ စစ်မှုထမ်းဝင်မယ့်သူ မရှိလို့ စစ်တပ်က ဖမ်းယူထားတဲ့ လူငယ်တစ်ဦးကို သွားရောက် ဝယ်ယူရမှာမို့လို့ စစ်တပ်ကို သိန်း ၁၂၀ ပေးဆောင်ရမယ်လို့ ပြောပြီး ရွာထဲမှာ တစ်အိမ်တက်တစ်အိမ်ဆင်း ပိုက်ဆံလိုက်ကောက်နေတာ ပိုက်ဆံမထည့်တဲ့ နေအိမ်တွေကို ရပ်ကွက်ထောက်ခံချက် မပြုလုပ်ပေးဘူးလို့လည်း ပြောတယ်။ ဧည့်စာရင်း လာတိုင်ရင်လည်း ခွင့်မပြုပေးဘူးပြောတယ်။ ပိုက်ဆံမပေးတဲ့ ရွာတွေကိုလည်း အိမ်မဲ ၆၃ တပ်ရင်းက ညဘက်မှာ လူငယ်တွေကို ပေါ်တာဆွဲနေတယ်လို့လည်း ခြိမ်းခြောက်တယ်။ စစ်မှုထမ်းပိုက်ဆံမထည့် ပေးသော နေအိမ်တွေကို စာရင်းမှတ်ထားပြီး မြို့နယ်ကို ပို့ရမယ်ဆိုပြီးလည်း ခြိမ်းခြောက်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

လူကောင်းကျွန်းကျေးရွာသည် အိမ်ခြေ ၇၀၀ ကျော်ရှိသော ကျေးရွာဖြစ်ပြီး ကျေးရွာနေပြည်သူများသည် လက်လုပ်လက်စား ပြည်သူများ များပြားသော ကျေးရွာဖြစ်ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ကိုးအင်းအုပ်စုရွာ အုပ်ချုပ်ရေးမှူး နိုင်ကြီး (ခ) သန်းနိုင်စိုး ဆိုသူလည်း စစ်မှုထမ်းရန် လူငယ်များရှိသည့်နေအိမ်များထံမှ လစဉ် ငွေကျပ် ၂ သိန်း ကောက်ခံနေပြီး လူဦးရေပေါ်မူတည်၍ ကောက်ခံနေခြင်းဖြစ် ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အုပ်ချုပ်ရေးမှူး နိုင်ကြီး (ခ) သန်းနိုင်စိုးက အသက် ၁၈နဲ့ ၃၅ နှစ် ရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေရှိတယ်ဆိုပြီး ငွေလိုက် ကောက်ခံနေပါတယ်။ တစ်ဦး ရှိရင် ၂ သိန်းပေးရတယ်။ ၂ ဦးရှိရင် ၃သိန်းပေးရပါတယ်။ ၃ ဦးရှိရင် ၄ သိန်းခွဲ အဲလို လူဦးရေပေါ် မူတည်ပြီး ပေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများကို တိုင်ကြားနိုင်သည်ဟု ကြေညာထားသော်လည်း လက်တွေ့တိုင်ကြားရာတွင် တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၈ အတွက် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၈ အတွက် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article