ရန်ကုန်၊ ဇန်နဝါရီ ၃
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် စစ်ကိုင်းတိုင်းတွင် ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက်အားပေးကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၁ ရက်နေ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၏ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေးခဲ့ကြောင်း၊ အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စသည့် ကစားနည်းများ ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့် အတူ ဒေသခံ ပြည်သူများပါ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
“ကချင်ပြည်နယ်နဲ့ စစ်ကိုင်းက တောက်လျှောက် နယ်မြေစိုးမိုးမှုရှိနေပါပြီ။ လေကြောင်းရန် တစ်ခုကလွဲရင် မြေပြင်မှာ တော်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားတာပါ။ ဥဒဟို သွားလာလို့ ရနေပါပြီ။ ထိန်းချုပ် နယ်မြေကလည်း အင်မ တန် ကျယ် ဝန်းပါတယ်” ဟု ကချင်ပြည်နယ်၊ လိုင်ဇာမှ စစ်ကိုင်းတိုင်းသို့ ရွှေ့ပြောင်းမှု လုပ်ခဲ့သည့် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် မကြာခဏဆိုသလို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ကွင်းဆင်း စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိပြီး ယမန်နှစ်အတွင်း စစ်ကောင်စီနှင့် စစ်ရေး ရင်ဆိုင်ထားသော မန္တလေး PDF ၏ ရှေ့တန်းစစ်မျက်နှာပြင်တချို့သို့ပင် သွားရောက်စစ်ဆေးခဲ့မှုများရှိကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar