20 C
Yangon

မိတ္ထီလာတွင် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က လူငယ်များ၏ မိဘများကို အစည်းအဝေးခေါ်၍ စစ်မှုထမ်းကြေး လစဉ်ငွေ ၁ သိန်း ပေးရန် ခြိမ်းခြောက် တောင်းခံ၊ ပဲခူးနှင့်ဇီးကုန်း မြို့ပေါ်တွင်လည်း လူငယ်အများအပြား ပေါ်တာဆွဲ ဖမ်းဆီးခံရ

Must read

မိတ္ထီလာတွင် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က လူငယ်များ၏ မိဘများကို အစည်းအဝေးခေါ်၍ စစ်မှုထမ်းကြေး လစဉ်ငွေ ၁ သိန်း ပေးရန် ခြိမ်းခြောက် တောင်းခံ၊ ပဲခူးနှင့်ဇီးကုန်း မြို့ပေါ်တွင်လည်း လူငယ်အများအပြား ပေါ်တာဆွဲ ဖမ်းဆီးခံရ

ရန်ကုန်၊ ဇန်နဝါရီ ၄

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မိဘများကို အစည်းအဝေးခေါ်၍ စစ်မှုထမ်းကြေး ငွေကျပ် ၁ သိန်း ခြိမ်းခြောက် ကောက်ခံခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် နယ်မြေ ၁၊ ၂ ၊ ၃ မှ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၆၂ ဦး၏ မိဘ အုပ်ထိန်းသူများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အစည်းအဝေးခေါ်ယူခဲ့ကြောင်း ၊ အဆိုပါ အစည်း အဝေးတွင် မိဘဖြစ်သူများအနေဖြင့် မိမိတို့၏ သားများကို စစ်မှုထမ်းအဖြစ် မထည့်သွင်းလိုလျှင် လူငယ် တစ်ဦးလျှင် ငွေကျပ် ၁ သိန်း နှုန်းဖြင့် လစဉ် ပေးရမည်ဖြစ်ကြောင်း၊ အဆိုပါ ကောက်ခံရရှိသော ငွေကြေးဖြင့် စစ်မှုထမ်းရန် လူ အစားထိုး ဆောင်ရွက်ပေးသွားမည်ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြောဆိုကြောင်း သိရှီရသည်။

“အစည်းအဝေး ခေါ်ပြီး စစ်မှုမထမ်းဆောင်ချင်ရင် တစ်ဦးကို တစ်သိန်းနှုန်း ထည့်ဝင်ရမယ်လို့ ပြောတယ်။ အဲဒီထည့်ဝင်တဲ့ငွေတွေနဲ့ စစ်မှုထမ်းဖို့ လူအစားထိုး ဆောင်ရွက်ပေးမှာလို့ ပြောပါတယ်။ သူတို့ တစ်ပတ်ကြာရင် ငွေလိုက်ကောက်မယ်လို့ ပြောသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သော လူငယ် ၁ ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့ပေါ်တွင်လည်း မြို့သိမ်း တိုက်ပွဲများ ဖြစ်ပွားနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြို့အဝင်အထွက်များကို လုံခြုံရေး တင်းကျပ်လိုက်ပြီး တပ်သားသစ် စုဆောင်းရေး ပေါ်တာဆွဲမှုများ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“ဇီးကုန်းမြို့က ကြံ့ဖွတ်ထောက်ခံသူတွေများတယ်။ NLD မဲရှုံးထားတဲ့ မြို့ပါ။ စစ်ခွေးတွေက ကြံ့ဖွတ်ထောက်ခံတာတွေ မထောက်ခံတာတွေ မသိတော့တဲ့ အခြေအနေကို မြို့ကို အဝင်အထွက် တင်းကျပ်လိုက်ပြီး အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာ တချို့ပိုက်ဆံရှိ ကြံ့ဖွတ်ထောက်ခံတဲ့ ကောင်တွေမြို့ပေါ်က ပြေးနေကျပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးမြို့ပေါ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရွှေအောင်းရွေး လမ်းထိပ်တွင် စက်ဘီးစီးနေသည့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော လူငယ် ၂ ဦးက လက်အုပ်ချီ၍ တောင်းပန်သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားပေါ် ဆွဲတင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပဲခူးမြို့ပေါ်က ရွှေအောင်းရွေးလမ်းထိပ်မှာ စက်ဘီးစီးနေတဲ့ ကောင်လေး ၂ ဦးကို စစ်ခွေးတွေ ဖမ်းဆီးပြီး ကားပေါ်တင်ခေါ်သွားတယ်။ ကလေးတွေက လက်အုပ်ချီပြီး တောင်းပန်တာတောင်မရဘူး။ အတင်းအဓမ္မကို ဆွဲတင်သွားတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article