ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ ၈ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ ၈ တပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထားဝယ်မြို့အတွင်းရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးကို ၁ ကြိမ်၊ ဝန်ကြီးများ အိမ်ယာကို ၂ ကြိမ်၊ စကခ – ၈ ကို ၁ ကြိမ် တော်လှန်ရေူ တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှု အတွင်း ရာသီဥတုအခြေအနေကြောင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ တိုက်ခိုက်ရေး ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF Drone Team ၊ Ba Htoo Army ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် ရေဖြူ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။