ရန်ကုန်၊ ဇူလိုင် ၇
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ထားပြီး ကျေးရွာ ၄ ခုထက်မနည်း မီးရှို့ဖျက်ဆီးထားကာ သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လပိုင်းမှ စတင်ပြီး ချောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သည် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ညောင်ဇင်ကျေးရွာအနီးတွင် ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းက ညောင်ဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ညောင်ချောင်းရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ဆူးတောကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ လေးပင်တင်ကုန်းကျေးရွာနှင့် ညောင်ချောင်းကျေးရွာများကို ဆက်တိုက် မီးရှို့ထားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် လေးပင်ကုန်း၊ ဆူးတော၊ ညောင်ဇင်နှင့် ရွာမကျေးရွာတို့မှ ပြည်သူ ၁ သောင်းခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက ကျေးရွာတွေကို ဆက်တိုက်ကို မီးရှို့ဖျက်ဆီးနေတာ နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ အားလုံးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်းရှိတယ်။ ရုပ်အလောင်းတွေ့တာကတော့ ၁ ဦးပဲရှိသေးတယ်။ အဲ့ထက်လည်း ပိုများနိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






