ရန်ကုန်၊ ဇူလိုင် ၇
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ရှိ လဝက အချုပ်ခန်း (အကျဉ်းထောင်) တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၂ ဦးကို ထိုင်းအာဏာပိုင်များက ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရနောင်းမြို့ အကောက်ခွန်ဆိပ်ကမ်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ရနောင်းခရိုင် လဝကရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး၊ မြန်မာအလုပ်သမားသံအရာရှိ နှင့် နေရပ်ပြန်လည် ပို့ဆောင်ရေး ကော်မတီဝင် ဌာနဆိုင်ရာ ၉ ခုမှ တာဝန်ရှိသူများက အသိသက်သေများအဖြစ် ပူးပေါင်း၍ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၈၇ ဦးနှင့် အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၁၁၂ ဦးတို့ကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခု နေရပ်ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၁၁၂ ဦးစလုံးကို ရနောင်း – ကော့သောင်း ရေကြောင်းလမ်းအတိုင်း ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ဥပဒေချိုးဖောက်မှုများကြောင့် ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်စေ့မြောက်၍ ယခုကဲ့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ရနောင်းခရိုင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား အကျဉ်းသား ၉၅ ဦးကိုလည်း ဇူလိုင်လ ၂ ရက်နေ့က ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ရနောင်းခရိုင်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိနှင့် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာ ၉ ခုတို့ ပူးပေါင်းကာ ရနောင်းအကောက်ခွန်ဆိပ်ကမ်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့သေးကြောင်း သိရှိရသည်။
အဆိုပါ နေရပ်ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား ၉၅ ဦးတွင် အမျိုးသား ၇၉ ဦးနှင့် အမျိုးသမီး ၁၆ ဦး ပါဝင်ကြောင်း သိရှိရသည်။





