ရန်ကုန်၊ ဇူလိုင် ၇
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူးခရိုင် (တောင်ငူခရိုင်) အတွင်း ဖမ်းဆီးရမိခဲ့သော ကာလတန်ဖိုး မြန်မာကျပ်ငွေ သန်းပေါင်း တစ်သောင်းခွဲကျော် (၁၅ ဘီလီယံကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU-တောအူးခရိုင်က ဇူလိုင်လ ၆ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
အဆိုပါ မီးရှို့ဖျက်ဆီးပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောအူးခရိုင်၊ တပ်မဟာ (၂) နယ်မြေအတွင်းရှိ နေရာတစ်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများတွင် ဖမ်းဆီးရမိထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (WY) အလုံးရေ ၃ သိန်းကျော်နှင့် ခန့်မှန်းခြေ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး (Ice) အိုက်စ် ၁,၀၂၅ ကီလိုဂရမ်တို့ ပါဝင်ကြောင်း သိရသည်။
၎င်းမူးယစ်ဆေးဝါးများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့က ပူးပေါင်းကာ လူထုရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများအားလုံးကို ကော်သူးလေအုပ်ချုပ်ရေး၏ တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။






