ရန်ကုန်၊ ဇန်နဝါရီ ၇
နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ အပါအဝင် မြို့နယ်များအားလုံးကို အလှည့်ကျမီးပေးထားသော်လည်း စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၊ လက်ရှိ စစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်၊ သမ္မတဟောင်း သိန်းစိန် အပါအဝင် ခြောက်လုံးတန်း ဗိုလ်ချုပ်ကြီးများ၏ အိမ်များနှင့် ဇေယျာသီရိရှိ စစ်ရုံးတို့ကို အရေးပေါ်သီးခြားမီးလိုင်းဖြင့် ၂၄ နာရီ မီးပေးထားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့မှစတင်၍ နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး မြို့နယ်များတွင်လည်း အချိန်ဖြင့် အလှည့်ကျ မီးပေးလျက်ရှိပြီး ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများလည်း အလှည့် ကျ မီးပေးစနစ်တွင် အကျုံးဝင်ကြောင်း၊ သို့ရာတွင် ယခင်စစ်ခေါင်းဆောင်သန်းရွှေ ၊ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သမ္မတဟောင်း သိန်းစိန်တို့ နေထိုင်သော ခြောက်လုံးတန်း အိမ်နှင့် ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(စစ်ရုံး)ကိုမူ အရေးပေါ် သီးခြားမီးလိုင်းဖြင့် ၂၄ နာရီ မီးပေးထားကြောင်း သိရှိရသည်။
” ခြောက်လုံးတန်းနဲ့ စစ်ရုံးကတော့ သီးခြားမီးလိုင်းဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ လက်ရှိမီးလိုင်းအပြင် အရန်မီးလိုင်းတွေလည်း ချိတ်ဆက်ထားတာမို့ အဲဒီနေရာတွေကတော့ မီးမပြတ်ပါဘူး။ အရင်ကလည်း မပြတ်ခဲ့ပါဘူး။ အခုလည်း မပြတ်ပါဘူး။ ကျန်တဲ့ ဌာနဆိုင်ရာ ရုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေကတော့ ပုံမှန် မီးလိုင်းမှာပဲပါလို့ မီးပြတ်တောက်မှု ရှိပါတယ်။ မီးဖြတ်တာကတော့ သက်ဆိုင်ရာ မြို့နယ်ရုံးတွေရဲ့ အစီအမံနဲ့ ဖြတ်တာမို့ အသေးစိတ်မသိပါဘူး။ ဝန်အားချိန်မျှပြီး သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေ စီစဉ်ပေးတာဖြစ်ပါလိမ့်မယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နေပြည်တော်တွင် အများပြည်သူများကို တစ်ရက်လျှင် ပျှမ်းမျှ ၁၆ နာရီ မီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ဖြင့်လည်းကောင်း၊ ဝန်ထမ်းအိမ်ရာများကို တစ်ရက်လျှင် ပျှမ်းမျှ ၁၈ နာရီ မီးပေး ၄ နာရီ မီးဖြတ်စနစ်ဖြင့်လည်းကောင်း အလှည့်ကျ မီးပေးလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းတွင်မူ အုပ်စု ၃ စုခွဲ၍ ၄ နာရီ မီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းတွင်မူ အုပ်စု ၄ စုခွဲ၍ ၃ နာရီမီးပေး ၉ နာရီ မီးဖြတ်သည့်ပုံစံ ၁ ၊ ၄ နာရီမီးပေး ၁၂ နာရီ မီးဖြတ်သည့် ပုံစံ ၂ ဖြင့်လည်းကောင်း၊ ကျန်တိုင်း/ပြည်နယ်များအားလုံးကို အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် ၆ နာရီ အလှည့်ကျ အစီအစဉ်ဖြင့် ဓာတ်အားပေးနေကြောင်း စစ်ကောင်စီက ဆိုသည်။
တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကိုသာ ဓာတ်အားထုတ်လုပ်နိုင်ပြီး ရရှိသော ဓာတ်အားကိုလည်း ရန်ကုန်တိုင်းသို့ ၄၈ ရာခိုင်နှုန်း၊ မန္တလေးသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းနှင့်ပြည်နယ်များအားလုံးအတွက် ၃၅ ရာခိုင်နှုန်း အချိုးအစားဖြင့် ဖြန့်ဝေနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar