ရန်ကုန်၊ ဇန်နဝါရီ ၇
ရန်ကုန်မြို့တွင် ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခန့်အချိန် တောင်ကြီးမှ ရန်ကုန်သို့ သည့် အသက် ၁၇ နှစ်အရွယ် မောင်စောနိုင်နိုင်ကျော်သည် ရန်ကုန်အဝေးပြေးကားဂိတ်ကို ရောက်ရှိကြောင်း ဖုန်း အဆက်အသွယ် ရရှိပြီးနောက် ပျောက်ဆုံးသွားကြောင်း သိရသည်။
မောင်စောနိုင်နိုင်ကျော်သည် ယနေ့ချိန်ထိ နေအိမ်ကို ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ဖုန်း အဆက်အသွယ်လည်း ပြတ်တောက်နေကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ အင်းစိန်မြို့နယ် ဖော့ကန်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် တက်ရောက်နေသော Grade-9 ကျောင်းသား မောင်ရဲခန့်ကျော် သည် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နေအိမ်မှ ကျောင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
မောင်ရဲခန့်ကျော်သည် လည်ပင်းအကျိတ်ကို ခွဲစိတ် ထုတ်ထားသူ ဖြစ်၍ လည်ပင်းပတ်လည်တွင် ချုပ်ရိုးရာရှိကြောင်း၊ ၎င်းပျောက်ဆုံးသည့်နေ့တွင် ကျောင်းဝတ်စုံ နက်ပြာရောင် ဘောင်းဘီရှည် ရှပ်အင်္ကျီလက်တို အဖြူရောင် အပြာအနားကွပ်ကို ဝတ်ဆင်ထားကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နှင့် တောင်ညိုမြို့သစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့တွင် နတ်တလင်းမြို့နယ် လဝက ရုံးရှေ့နှင့် နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူငယ်များကို နေအိမ်တွေထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဓမ္မငယ်ရွာ ရဲစခန်းမှ စစ်ကောင်စီ တပ်သားများကလည်း လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ပေါ်တာဆွဲနေသောကြောင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၁၀၀ နီးပါးရှိပြီး အဆိုပါ ဖမ်းဆီးခံရသော လူငယ်များကို ပြည်မြို့တွင် စစ်သင်တန်း တက်ရောက်ခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်ရန် လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖမ်းဆီးခံရသော လူငယ်များတွင် အသက် ၁၈ နှစ်မပြည့်သေးသော လူငယ် ၅ ဦး ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် နတ်တလင်းမြို့နယ်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် လူငယ်များကို စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက တစ်ဦးကို ငွေကျပ် ၁ သိန်းမှ ၄ သိန်း အထိ တောင်းခံကြောင်း၊ နေအိမ်တိုင်းကိုလည်း စစ်မှုထမ်းကြေးဟု ခေါင်းစဉ်တတ်၍ လစဉ် ငွေကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ တောင်းခံနေကြောင်း သိရသည်။
ဓာတ်ပုံ – ရန်ကုန်တွင် ပျောက်ဆုံးနေသော လူငယ် ရဲခန့်ကျော်နှင့်စောနိုင်နိုင်ကျော်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar