ရန်ကုန်၊ ဇန်နဝါရီ ၇
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF ရဲဘော်၏ ဖခင်ဖြစ်သူ ဦးသိန်းသန်းဌေးကို ဖမ်းဆီး သတ်ဖြတ်ရန် သတင်းပေးပို့ပေးခဲ့သည့် စစ်တပ် ဒေါက်တိုင် လင်မယားကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဂွေးချောင်းရွာတွင် နေထိုင်သော PDF ရဲဘော်၏ ဖခင်ဖြစ်သူ ဦးသိန်းသန်းဌေးကို ဖမ်းဆီးသတ်ဖြတ်ရန် သတင်းပေးပို့ပေးခဲ့သည့် စစ်တပ် ဒေါက်တိုင် ဇော်ကြီး (ခ) ဇော်ဌေး နှင့် ညိုညိုဝင်း လင်မယားကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ညိုညိုဝင်း ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှု အတွင်း နေအိမ် နောက်ဖေးတွင် ရောက်ရှိနေသော ဇော်ကြီး (ခ) ဇော်ဌေးသည် ထွက်ပြေး လွတ်မြောက်သွားပြီး ဂွေးချောင်းရွာ အနီးရောက်ရှိနေသာ စစ်သားနှင့် ရဲများ ရောက်ရှိလာခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“သူတို့ လင်မယားက ဂွေးချောင်းကျေးရွာက PDF ရဲဘော်တွေရဲ့ သတင်းနဲ့ ထောက်ပို့တွေရဲ့ သတင်းကို လိုက်လံစုံစမ်းနေသူတွေ ဖြစ်လို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ PDF ရဲဘော်၏ ဖခင်ဖြစ်သူ ဦးသိန်းသန်းဌေးကို ဖမ်းဆီးသတ်ဖြတ်ဖို့ သတင်းပေးတာလည်း သူတို့ပါတယ်။ ညိုညိုဝင်းကတော့ နေအိမ်မှာပဲ ပွဲချင်းပြီးသေတယ်။ သူ့ယောကျာ်းကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်” ဟု သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ တော်လှန်ရေး ထောက်ပို့ ပြည်သူများနှင့် PDF ရဲဘော်များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော အကြမ်းဖက် ဒေါက်တိုင်များကို နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် PDF ရဲဘော်၏ ဖခင်ဖြစ်သူ ဦးသိန်းသန်းဌေးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုတ်ဖိုမြို့နယ် ခြောက်တင်းကွင်း ဆက်သွယ်ရေးလမ်းပိုင်းတွင် လက်ကို ဝါးကြောနှီးဖြင့် လက်ပြန်ကြိုးတုတ်၍ ဦးခေါင်းကို ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar