ရန်ကုန်၊ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် အများအပြား ဖမ်းဆီးခံရပြီးနောက် မြို့ပေါ်နေ လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ၍ အမျိုးသမီးများကိုပါ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုရှိကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့တွင် ရေဦးမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်အောင်ဇေယျရပ်ကွက်နှင့် ဇီးခြံ ရပ်ကွက်တို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ပေါ်တာဆွဲ ဖမ်းဆီးမှုအတွင်း အမျိုးသမီးများပါ အဖမ်းခံရကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် မြို့ပေါ်နေ လူငယ် ၃ ပုံ ၂ ပုံခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က မြို့ပေါ်တွင် စျေးသည်များပါမကျန် လူကြီးလူငယ်များကို ပေါ်တာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၊အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုအတွင်း ရေဦးမြို့မစျေးကြီးတွင် စျေးရောင်းနေသည့် အောင်မင်္ဂလာရပ်ကွက်မှ အမျိုးသမီး ၁၀ ဦးကျော်လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
“ရေဦးမြို့ပေါ်မှာ ပေါ်တာပြန်ဆွဲနေတယ်။ မြို့တွင်းအလုပ်ကိစ္စနဲ့ သွားလာနေတဲ့ စျေးသည်တွေပါ မကျန် လူငယ်လူကြီးအကုန် တွေ့သမျှ ပေါ်တာဆွဲနေတယ်။ ဖမ်းဆီးခံ ပြည်သူ ဘယ်လောက်မှန်းတောင် တိတိကျကျ မသိရတော့တဲ့ အခြေအနေပဲ အကုန်ဖမ်းနေတာ မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးလာကြတဲ့ လူငယ်တွေ တော်တော်များနေပြီ ရေဦးမြို့ပေါ်က လူငယ် ၃ ပုံ ၂ ပုံက ဘေးလွတ်ရာ ထွက်ပြေးနေထိုင်နေကြရတယ်။ နေ့ခင်းဘက်ရော ညပိုင်းရော ဧည့်စာရင်းစစ်မယ့် ပုံစံနဲ့ တံခါးတွေ အတင်းဖွင့်ခိုင်းပြီး ယောကျာ်းသား လူငယ် မရှိရင်တောင် လူလတ်လူကြီး ဆွဲနေတယ်။ မြို့ပေါ် ရပ်ကွက်တိုင်းလိုလို ပြည်သူ မရှိတော့ သလောက်အထိ ဖြစ်နေတယ်။ ရေဦးမြို့မစျေးကြီးမှာ စျေးရောင်းနေကြတဲ့ အောင်မင်္ဂလာ ရပ်ကွက်ထဲက စျေးသည် အမျိုးသမီး ၁၀ ဦးကျော် ကိုလည်း လတ်တလော ပေါ်တာဆွဲ ဖမ်းဆီးထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများပါ စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု သတ်မှတ်ထားသော်လည်း လတ် တလော စစ်ကောင်စီက အမျိုးသမီးများကို ကင်းလွတ်ပေးထားကြောင်း၊ စစ်တပ်က အမျိုးသမီးများကို ဖမ်းဆီးမှုများသည် ငွေကြေးတောင်းခံ၍ ပြန်လည် လွှတ်ပေးနေရာ အဓိကအားဖြင့် ငွေညှစ်ရန် ရည်ရွယ် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း၊ မြို့နယ်များတွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက် အမျိုးသမီးငယ်တချို့ ပျောက်ဆုံးမှုများရှိနေပြီး ရဲစခန်းနှင့်သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံ အကြောင်းကြားထားသော်လည်း လုံး၀ ပြန်လည် မတွေ့ရှိရသည့် အမှုများရှိနေကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ အသက် ၁၇ နှစ်အရွယ် မသန္တာစိုးသည် အမှတ် ၁ ရပ်ကွက် လှိုင်စျေးတွင် မုန့်ဝယ်မည်ဟုဆိုကာ ထွက်သွားရာမှ အိမ်သို့ ပြန်လည်ရောက်ရှိမလာတော့ကြောင်း၊ လက်ရှိ ၅ ရက်ကြာသည်အထိ ပြန်လည် တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၃ ရက်နေ့ ည ၇ နာရီအချိန် စမ်းချောင်းမြို့နယ်၊ မအူပင်လမ်းထိပ်တွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် အသက်မပြည့်သေးသော မိန်းကလေးငယ်သည် နေအိမ်မှ ပျောက်ဆုံးသွားကြောင်း၊ လက်ရှိအချိန်အထိ ပြန်လည် တွေ့ရှိရခြင်းမရှိသေးကြောင်း သိရှိရသည်။
“မိန်းကလေးရော ယောင်္ကျားလေးရော စိတ်မချရဘူး။ ခေတ်ကပျက်နေတာ။ ကိုယ့်သားသမီးကိုယ် မျက်စိအောက်က အပျောက်ခံလို့မရတဲ့အခြေအနေ။ ယောင်္ကျားလေးတွေဆိုရင် ပေါ်တာဆွဲ စစ်ထဲရောက်၊ မိန်းကလေးတွေဆိုရင်လည်း လူကုန်ကူးခံရ သတင်းတွေကလည်း ပြည့်နှက်နေတော့ ဘယ်လိုမှ စိတ်မချနိုင်ဘူး” ဟု မရမ်းကုန်းမြို့နယ်မှ ဆယ်ကျော်သက်အရွယ် မိဘတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – ရန်ကုန်တွင် ပျောက်ဆုံးနေသည့် အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၂ ဦး ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar