ရန်ကုန်၊ ဇန်နဝါရီ ၉
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ပေါ်တွင် ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် တပ်သားသစ် လိုအပ် ချက်ရှိနေ၍ ယနေ့ လူငယ်တချို့ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပြင်ဦးလွင်ဘူတာလမ်းဆုံတွင် ဆိုင်ကယ်စီး လူငယ် ၁၀ ဦးခန့်ကို စစ်တပ်က တားဆီးကာ ဆိုင်ကယ်များကို ကားပေါ်တင်၍ လူများကိုမူ စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူ လူငယ်များ၏ မိသားစုများထံသို့ တရားဝင် စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်သွားပြီဟု ဆက်သွယ်ပြောဆိုလာကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် ပြင်ဦးမြို့ပေါ် စျေးလေးမီးပွိုင့်တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ထပ်မံ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ ရတနာပုံ ၄ လမ်းတွင် နေထိုင်သော ကလေးငယ် ၃ ဦး၏ ဖခင်ဖြစ်သူကို စစ်တပ်က စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပန်းတနော်မြို့ အနောက်ပိုင်း ရတနာပုံ ၄လမ်းတွင် နေထိုင်သော ကလေးငယ် ၃ ဦး၏ ဖခင်ဖြစ်သူကို အုပ်ချုပ်ရေးမှူးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသော အမျိုးသား၏ ဇနီးဖြစ်သူက အုပ်ချုပ်ရေးမှူးကို သွားရောက် တောင်းပန်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရှိရသည်။
“ဧရာဝတီတိုင်း ပန်းတနော်မြို့ အနောက်ပိုင်း ရတနာပုံ ၄လမ်းမှာနေတဲ့ မိသားစုကို အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေက စစ်မှုထမ်းရမယ်ဆိုပြီး နေအိမ်မှာ လာဖမ်းသွားတယ်လို့ သိရတယ်။ သူတို့မှာ ကလေးငယ်ငယ်လေးတွေ ၃ ဦးရှိတယ်။ ယောကျာ်းဖြစ်သူ စစ်ထဲဝင်ရမယ်ဆိုပြီး လာခေါ်သွားတာ ကလေးငယ်ငယ်လေးတွေနဲ့မို့ မိန်းမဖြစ်သူက အုပ်ကြီးကို သွားတောင်ပန်းတာလည်း မရဘူးလို့ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် တပ်သားသစ် လူအရေအတွက် ပြည့်မီခြင်းမရှိ၍ နိုင်ငံတစ်ဝန်း ပေါ်တာဆွဲမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ – စစ်မှုထမ်း အပတ်စဉ် ၈ မှ စုဆောင်းခံရသော လူယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar