23 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီး စစ်တပ်နှင့်တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီး စစ်တပ်နှင့်တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကား ပျက်စီးခဲ့ကြောင်း Aung San’s Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိ တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကားပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ ရှိ စိုင်ကောင်း ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ရောက်ရှိလာစဉ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်-မန္တလေး အမြန်လမ်းမကို စစ်တပ် လော်ဘီ ကျော်စိုးဦးက မိုင်တိုင်၂၆၂ မှာ PDF ရှိတာ မဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့် မိုင်တိုင် ၂၆၂ အမြန်လမ်းက စိုင်ကောင်းရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ဖို့ လာကြတာပေါ့။ ကျနော်တို့ ဆင်းလာတဲ့ အချိန်မှာ ရွာသစ်ကျေးရွာအနီးမှာ စစ်ကားနဲ့ ထိပ်တိုက် တွေ့တဲ့ တိုက်ပွဲဖြစ်တယ်။ ၄၀ မမ တွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးကား ပျက်စီးသွားတယ်။ စစ်ခွေး အသေအပျောက် စာရင်းတော့ မသိရသေးဘူး။ အဓိကကတော့ စစ်လော်ဘီ ကျော်စိုးဦးက တော်လှန်ရေးတပ်တွေကို မိုင်တိုင် ၂၆၂ အထိ လာစေချင်တဲ့အတွက် စိုင်ကောင်းစခန်းကို ဝင်စီးဖို့ သွားတာပါ။ လမ်းမှာ မမျှော်လင့်ဘဲ ထိတွေ့ တိုက်ပွဲ ဖြစ်သွားတဲ့ အတွက် အစီအစဥ် ပျက်သွားတာပေါ့” ဟု Aung San’s Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီက ပြောဆိုသည်။

အဆိုပါ စစ်ဆင်းရေးကို Aung San’s Land Natmauk အဖွဲ့၊ ပျော်ဘွယ် -ရမ္မည်းသင်း ပကဖ နှင့် နတ်မောက် တပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- လွန်ခဲ့သော ဒီဇင်ဘာလတွင် နွားထိုးကြီးတော်လှန်ရေးတပ်ဖွဲ့က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ တက်ရောက် စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article