စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးနေ၍ လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ စစ်ကောင်စီထံသို့ တင်ပို့ရောင်းချမှု ချက်ချင်း ရပ်တန့်ရန် BMC တောင်းဆို
ရန်ကုန်၊ ဇန်နဝါရီ ၁၁
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးနေ၍ အာဆီယံ အပါအဝင် ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာကုမ္ပဏီများအနေဖြင့် အကြမ်းဖက်မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တင်ပို့ရောင်းချခြင်းကို ချက်ချင်း ရပ်တန့်ရန် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့(BMC) က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တောင်းဆိုသည်။
အကြမ်းဖက် မြန်မာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာက ဆက်လက်ပံ့ပိုးနေသဖြင့် အရပ်သား ပြည်သူများ၏ အသက်အန္တရာယ် ဆုံးရှုံးရသည့်အပြင် နေ့စဉ် လူမှုဘဝ အသက်မွေးဝမ်းကျောင်း နှင့် အခြေခံ လိုအပ်ချက်များ အပေါ် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေကြောင်း ထုတ်ဖော်ထောက်ပြထားသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ၊ လေယာဉ်များ အဆက်မပြတ် ပျံဝဲခြင်းနှင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရခြင်းများကြောင့် ပညာသင်ကြားခွင့်များနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆုံးရှုံးနေရခြင်း၊ အစာရေစာ ပြတ်လတ်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ နာကျင်ထိခိုက်ရမှုများနှင့်အတူ စိုက်ပျိုးရေးကို အဓိက မှီခိုသည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆိုးရွားစွာ ပျက်စီးနေရသည့် အခြေအနေများနှင့် လက်ရှိ ရင်ဆိုင်နေရကြောင်း သိရှိရသည်။
စစ်တပ်က စီးပွားရေးနှင့် ဘဏ္ဍာရေးကို စိတ်ကြိုက် စိုးမိုးခြယ်လှယ်လျက်ရှိပြီး ခရီးသည်တင်လေကြောင်းလိုင်းများ၏ လေ ယာဉ်ဆီများကိုပါ စစ်ရေးတွင် အသုံးပြု၍ ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ လေကြောင်းသုံး တိုက်ခိုက်ရာတွင်လည်း ပြည်သူအများအပြားစုဝေးသော ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်များ၊ ဆေးရုံဆေးခန်းများနှင့် ကျောင်းများကိုပါ တိုက်ခိုက်နေကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတကာမှ လေယာဉ်ဆီ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုများသည် မြန်မာပြည်တွင်း ကုမ္ပဏီများကိုသာ ပိတ်ဆို့ခြင်းဖြစ်နေပြီး အဆိုပါပြည်တွင်း ကုမ္ပဏီများကို တင်ပို့ပေးနေသော အဓိကကျသည့် နိုင်ငံတကာ ကုမ္ပဏီများကို အရေးမယူသေးကြောင်း၊ထိုသို့ ပိတ်ဆို့အရေးယူမှုများ၏ စောင့်ကြည့်ရေး ယန္တရား နှင့် အရေးယူ ထိရောက်မှုများ အားနည်းသောကြောင့် အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတကာက လေယာဉ်ဆီ၊ လေယာဉ်နှင့် လေယာဉ်အစိတ်အပိုင်းများ၊ နည်းပညာဆိုင်ရာ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ဆက်လက်ရရှိနေဆဲ ဖြစ်ကာ စီးပွားဖြစ် အရပ်ဘက် လေယာဉ်များနှင့် လေယာဉ်ဆီ များကိုလည်း အလွဲသုံးစားပြုလုပ်ပြီး စစ်ရေးတွင် သုံးစွဲနေခြင်းဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု BMC က ထောက်ပြသည်။
နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်း ပေးနေသော တရုတ် အလံတင် သင်္ဘော HUITONG78၊ ဗီယက်နမ် ကုမ္ပဏီ Hai Linh ၊ တရုတ် နိုင်ငံပိုင် လုပ်ငန်း CNOOC ကော်ပိုရေးရှင်း (စင်ကာပူ)၊ စင်ကာပူ အခြေစိုက် Sahara Energy International ကုမ္ပဏီ၊ နိုင်ငံတကာ ကုမ္ပဏီများနှင့် လေယာဉ်ဆီ သယ်ယူနိုင်ရန် အာမခံ ဝန်ဆောင်မှု ပေးနေသော ယူကေ (UK) ရေကြောင်း အာမခံ ကုမ္ပဏီများကိုလည်း ချက်ချင်း ပိတ်ဆို့ အရေးယူရန် လိုအပ်နေကြောင်းလည်း BMC က တောင်းဆိုသည်။
ထို့ပြင် ဥရောပ ကုမ္ပဏီ Airbus အနေဖြင့်လည်း တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့်အတူ စစ်ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေမှုများကို အမြန်ဆုံး အဆုံးသတ် ရပ်တန့်ပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု တိုက်တွန်းသည်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှု ကွင်းဆက်တစ်ခုလုံးတွင် ပါဝင်သော နိုင်ငံတကာကုမ္ပဏီများ၊ အစိုးရများသည် တာဝန်ယူမှုရှိစွာဖြင့် လေယာဉ်ဆီများကို မည်သူများမှ မည်ကဲ့သို့ အသုံးပြုမည်ကို ထိရောက်သော စိစစ်မှုများ ပြုလုပ်ပြီးမှသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက လေယာဉ်ဆီ တင်သွင်းမှုများအားလုံးကို ပိတ်ဆို့တားဆီးနိုင်ရန် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ရန် ဆော်ဩဇားသည်။
မြန်မာနိုင်ငံသို့ တင်သွင်းမည့် လေယာဉ်ဆီများကို စောင့်ကြည့်နိုင်သည့် ယန္တရားတခု ထူထောင်၍ ထိရောက်သော စိစစ်မှုများပြုလုပ်ရန်လည်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့က အာဆီယံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာကုမ္ပဏီများသို့ BMC က တောင်းဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် ရခိုင်ပြည် ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တိုကို မီးအပြင်းအထန်လောင် ကျွမ်းခဲ့ကြောင်း၊ နေအိမ်ပေါင်း (၃၉၈) လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ကြောင်း၊ လက် ရှိ အချိန်အထိ သေဆုံးသူ ၂၆ ဦး နှင့် အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦး နှင့် အသေးစားဒဏ်ရာရရှိသူ ၁၅ ဦးအထက်ရှိခဲ့ကြောင်း၊ အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူ များ အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ဇန်နဝါရီလ ၈ ရက်နေ့ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူများ သေဆုံးနေစဉ်။