AA နှင့် PDF ပူးပေါင်းအဖွဲ့ ၏ထိုးစစ် ရွှေသောင်ယံမြို့ သို့ ရောက်ရှိလာနိုင်သဖြင့် သာပေါင်းနှင့်ချောင်းသာမှ ပြည်သူများ စစ်ဘေးရှောင်ရန် ပြင်ဆင်
အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့ ထိုးစစ်မှာ ရွှေသောင်းယံမြို့အထိ ရောက်ရှိလ်နိုင်သဖြင့် သာပေါင်းနှင့်ချောင်းသာမှ ပြည်သူများ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရွှေသောင်ယံကမ်းခြေနှင့် ချောင်းသာကမ်းခြေတို့မှာ တစ်ဆက်တည်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သာ သွားရသော ခရီးဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
“မကျီးဇင်က တိုက်ပွဲတွေဟာ ရွှေသောင်ယံမြို့အထိ ရောက်နေပြီ။ AA နဲ့ PDF တပ်ဖွဲ့တွေဟာ ရွှေသောင်ယံက ထွေ/အုပ်ရုံးနဲ့ ဆေးရုံကို ထိန်းချုပ်ထားတယ်လို့ သိရတယ်။ ဒါ့ကြောင့် ချောင်းသာက လူတွေလည်း တိမ်းရှောင်ဖို့ လုပ်နေကြပါတယ်။ ချောင်းသာနဲ့ ရွှေသောင်ယံက နီးနီးလေပဲဆိုတော့လေ။ ပြီးတော့ ပုသိမ်-ချောင်းသာ ကားလမ်းကိုလည်း ဒီလ ၁၃ ရက်နေ့ စပိတ်တော့မယ်လို့ စကစ ဘက်က သတင်းတွေထွက်နေတယ်။ လမ်းပိတ်ပြီး စစ်လက်နက်၊ လူအင်အား အများအပြားပို့မယ်လို့ သတင်းတွေထွက်နေတယ်။ အခြေအနေတွေက ဆက်လက် တင်းမာလာဖို့ပဲရှိပါတယ်” ဟု ပြောသည်။
အာရက္ခတပ်တော် AA သည် ဂွမြို့သိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဧရာဝတီ-ရခိုင်အစပ်ရှိ မကျီးဇင်ကျေးရွာက စစ်ကောင်စီ စခန်းများကို ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိပြီး AA က အတည်ပြု ထုတ်ပြန်ခြင်းမပြုသေးပေ။
ယင်းမှတစ်ဆင့် ပူးပေါင်းတပ်ဖွဲ့မှာ ရွှေသောင်ယံမြို့အထိ ထိုးဖောက်ဝင်ရောက်ကာ မကျီးဇင်ကတပ်ဆုတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွှေသောင်ယံကမ်းခြေ၌ ခုခံရင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“စစ်ကောင်စီဟာ ပုသိမ်ကနေ အခု တိုက်ပွဲဖြစ်နေတဲ့ ရွှေသောင်ယံနဲ့ ငသိုင်းချောင်းမြို့ကတစ်ဆင့် ရိုးမပေါ်ကို လက်နက်အင်အား၊ လူအင်အား အများအပြား ပေးပို့နေတယ်။ မနေ့ကတောင် စစ်ကောင်စီဟာ ပုသိမ်မြို့ကနေ တင့်ကား ၉ စီး ရွှေသောင်ယံဘက်သို့ ပို့ထားတယ်လို့ သိရတယ်” ဟု ပြောသည်။
ရွှေသောင်ယံကမ်းခြေဘက်မှာ ဖုန်းလိုင်း လုံးဝပြတ်တောက်နေပြီး ချောင်းသာဘက်တွင်လည်း ဖုန်းလိုင်း ပြတ်တောက်ပြတ်တောက် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲများ တဖြည်းဖြည်းနီးကပ်လာခြင်းနှင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကြောင့် ချောင်းက ပြည်သူများမှာ ပုသိမ်မြို့ဘက်သို့ တိမ်းရှောင် ပြင်ဆန်နေကြပြီး ပြည်သူအချို့မှာလည်း ယနေ့တွင် စတင်ပြောင်းရွှေ့နေကြပြီဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ချောင်းသာရှိ ဟိုတယ်အချို့မှာလည်း ရန်ကုန်နှင့် မန္တလေးဘက်က လာမည့် ခရီးသည်များအား ခရီးစဉ်ဖျက်သိမ်းခိုင်းထားကြောင်းနှင့် ဟိုတယ်အချို့ စတင်ပိတ်နေပြီဟုလည်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- ငရုတ်ကောင်းမြို့တွင် စစ်ဆေးရေးလုပ်နေကြသည့် အကြမ်းဖက် စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)